Connect with us

Hi, what are you looking for?

အတွေးအမြင်

“အချိန်မီ အလံဖြူထောင်ဖို့လိုပြီ”

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

"အချိန်မီ အလံဖြူထောင်ဖို့လိုပြီ"
"အချိန်မီ အလံဖြူထောင်ဖို့လိုပြီ"

-နောင်ရိုး (ပြည်သူ့စစ်သား) / People’s Spring

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။ သမိုင်းတလျှောက် ကြီးမားကျယ်ပြန့်လှသော လူထုဆန့်ကျင်တော်လှန်မှုကို ရင်ဆိုင်နေရတဲ့ စစ်ကောင်တပ်ဟာ လအနည်းငယ်အတွင်း ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်ကို လက်လွှတ်ဆုံးရှုံးရတဲ့အထိ စစ်ရေးအထိနာ ချိနဲ့ပြိုလဲလာနေမှုကို မြင်သာစေခဲ့ပါတယ်။

ထိုသို့ အာရက္ခတပ်တော်(AA) ရဲ့ ထိုးစစ်အတွင်း စစ်ကောင်စီတပ်ဟာ ရာထောင်ချီတဲ့ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ကျဆုံးခဲ့ပါတယ်။ AA ရဲ့ ထုတ်ပြန်ချက်အရ အလံဖြူထောင် လက်နက်ချသူ စစ်ကောင်စီတပ်သား အရေအတွက် ထောင်ချီရှိခဲ့သလို၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီခံရသူတွေလည်း အများအပြားရှိပါတယ်။ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည် စစ်ဆင်ရေးအတွင်း ဗိုလ်မှူးချုပ်အဆင့် စစ်မြေပြင်တပ်မှူးကြီး အားလုံးနီးပါး ထိခိုက်ဆုံးရှုံးခဲ့ပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄ ဦး၊ သေဆုံး ၁ ဦး နှင့် ပျောက်ဆုံး ၁ ဦးထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် သေဆုံး နှင့် ဖမ်းဆီးခံရသူတွေထဲ ဗျူဟာမှူး၊ တပ်ရင်းမှူး အဆင့်လည်း အများအပြား ပါဝင်ပါတယ်။

အလားတူ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ၏ “၁၀၂၇ စစ်ဆင်ရေး” တွင်လည်း စစ်ကောင်စီတပ်ဟာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီး၊ တရုတ်နယ်စပ် မူဆယ်မြို့မှအပ ရှမ်းမြောက်ဒေသတခုလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ထိုသို့ ဘက်ပေါင်းစုံ အထိနာချိနဲ့သွားတဲ့ စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင်လည်း စစ်ရေးရှုံးနိမ့်နေပြီး နယ်မြေဒေသနဲ့ တပ်စခန်းဌာနချုပ်များကို ဆက်တိုက် လက်လွှတ်လာနေရပါတယ်။ နယ်မြေသိမ်းထိုးစစ်အရှိန်ရလာနေတဲ့ တော်လှန်ရေးတပ်များဟာ ပြည်မပိုင်းအထိ စိမ့်ဝင်ထိုးဖောက်လာနေပီး၊ မန္တလေးမြို့အနီးအနားအထိ နယ်မြေတွေစိုးမိုးထိန်းချုပ်လာနေပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံ့မှာ တပ်စခန်းဌာနချုပ်များ လက်လွှတ်ဆုံးရှုံးနေရကာ၊ ထောင်ပေါင်းများစွာသော အောက်ခြေတပ်ဖွဲ့ဝင် တပ်မှူးတပ်သား အဆင့်ဆင့် သေဆုံး၊ လက်နက်ချ၊ အဖမ်းခံရနေရချိန်မှာ အဓိကတာဝန်ရှိတဲ့ စစ်ခေါင်းဆောင်ကတော့ အခမ်းအနားပွဲတက်၊ ရာထူးအာဏာအပေါ် ယစ်မူးဇိမ်ခံမပျက် ရှိနေပါတယ်။ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတရာထူးကို ထပ်တိုးရယူခဲ့ပါတယ်။ သမ္မတရာထူး ရယူပီး ၃ ရက်အကြာမှာ ရမခတိုင်းစစ်ဌာနချုပ်ဟာ ကိုးကန့်တပ် (MNDAA) လက်အောက်ကို ကျသွားခဲ့ပါတယ်။

စစ်ခေါင်းဆောင်က မီးရထားစက်ခေါင်းရုံဖွင့်ပွဲကို အေးအေးလူလူ ခမ်းခမ်းနားနား တက်ရောက်နေချိန် လက်လွှတ်ဆုံးရှုံးသွားတဲ့ ရမခတိုင်းမှာ တိုင်းမှူးဟောင်း အပါအဝင် အရာရှိကြီးအများအပြား စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရပါတယ်။ ရှမ်းမြောက်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား အများအပြား ကျဆုံးသေဆုံးခဲ့ရသလို၊ လက်နက်ချအညံ့ခံရသူ ထောင်ပေါင်းများစွာ ရှိခဲ့ပါတယ်။

ထိုသို့ပင် ရခိုင်ပြည်အနောက်ပိုင်း မောင်တော နခခ-၅ ကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးစချိန်မှာ စစ်ခေါင်းဆောင်ဟာ နေပြည်တော် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲမိန့်ခွန်း တက်ရောက်ပြောကြားနေသလို၊ အားကစားပိတ်ပွဲ ခမ်းခမ်းနားနား ပြုလုပ်ချိန်မှာပဲ နပခတိုင်းစစ်ဌာနချုပ်တခုလုံး AA လက်အောက် ကျရောက်သွားခဲ့ပါတယ်။ နိုင်ငံအနှံ့က စစ်ကောင်စီတပ်သားတွေ ရိက္ခာဆေးဝါးပြတ်လက်၊ စိတ်ဓာတ် ချိနဲ့ကျဆင်းနေပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန် နဲ့ နေပြည်တော် မှာ ညစာစားပွဲတွေ ပျော်ပျော်ရွှင်ရွှင် ပြုလုပ်လျက်ရှိပါတယ်။ စစ်မြေပြင်တပ်မှူးကြီးအများအပြား သေဆုံးကျဆုံး၊ ဒူးထောက်ဖမ်းဆီးခံနေရချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင် က လက်ရင်းတပည့်တွေကို စစ်ဘက်ထိပ်တန်းရာထူးတွေ ချီးမြှင့်နေရာပေးနေပါတယ်။

စစ်အာဏာသိမ်းမှုကို ကျူးလွန်၊ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ရာထူးစည်းစိမ် ခံစားယစ်မူးကာ နေပြည်တော်မှာ သာယာနေပေမယ့်၊ အာဏာသိမ်းမှု အကျိုးဆက်ကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်နေရတဲ့ အောက်ခြေတပ်မှူး၊ တပ်သားတွေရဲ့ အသက်ဘဝပေါင်းများစွာဟာ ပျက်ရယ်ပြူ လျစ်လျူရှုခံနေကြရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ ကျူးလွန်မှုလုပ်ရပ်တိုင်းအတွက် အသုံးချခံပေးဆပ်သွားကြတဲ့ စစ်ကောင်တပ်သားတွေရဲ့ ကျန်ရစ်မိသားစုတွေဟာ လင်ဆုံးသားဆုံးရချိန် လူတောမတိုးတဲ့အဖြစ်တွေနဲ့ ဒုက္ခရောက် ဘဝတွေပျက်နေကြရပါတယ်။

ရခိုင်ပြည် ကျောက်တော်မှာ AA ရဲ့ တိုက်ခိုက်မှုအတွင်း စစ်ရေယာဉ်တွေနှစ်မြုပ်ကာ စစ်ကောင်စီအောက်ခြေမိသားစုဝင် အများအပြားသေဆုံးခဲ့ပေမယ့် စစ်ခေါင်းဆောင်ရဲ့ မိသားစုတွေက နိုင်ငံတော်စီမံကိန်းအများအပြားကို လုပ်ကိုင်ခွင့် ရယူခဲ့ကြပါတယ်။

အလားတူပဲ တပ်မိသားစုဝင်များ နှင့် အောက်ခြေတပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံး များလာတာကြောင့် လက်နက်ချခဲ့ကြတဲ့ ဒကစ(လောက်ကိုင်) က ဗိုလ်မှူးချုပ် ၆ ယောက်ကို သေဒဏ်အပါအဝင် ပြင်းပြင်းထန်ထန် အရေးယူပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် နောက်ဆုံးအချိန်ထိ ခုခံတိုက်ပွဲဝင်ခဲ့ကြတဲ့ တိုင်းမှူး၊ တပ်မ/စကခမှူးတွေကတော့ ကယ်ထုတ်ခြင်းမခံရဘဲ စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခံရခြင်းနှင့်သာ အဆုံးသတ်ခဲ့ရပါတယ်။

လက်ရှိစစ်အာဏာသိမ်းမှုလေးနှစ်တာနီးပါးရောက်ရှိလာချိန်မှာ စစ်ကောင်စီတပ်ဟာ နိုင်ငံအနှံ့ ကြီးမားတဲ့ စစ်ရေးအထိနာ ရှုံးနိမ့်မှုများ၊ နယ်မြေလက်လွတ်ဆုံးရှုံးမှုများ ဆက်တိုက်ကြုံတွေ့ရင်ဆိုင်လာနေပီ ဖြစ်ပါတယ်။ ဘက်ပေါင်းစုံ ချိနဲ့ရှုံးနိမ့်မှုများနဲ့အတူ စစ်ကောင်စီတပ်ရဲ့ ကျဆုံးခန်းနေ့ရက်တွေဟာ တဖြည်းဖြည်းနီးကပ်လာနေပါပီ။

နပခတိုင်းစစ်ဌာနချုပ် ကျသွားပီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း က “ခေါင်းဆောင်မှု မပီသသူတွေရဲ့ အောက်မှာ အသေခံပီး တာဝန်ထမ်းဆောင်ခြင်း မပြုကြဖို့” အောက်ခြေတပ်ဖွဲ့ဝင်တွေကို တိုက်တွန်းသတင်းစကားပါးသွားခဲ့ပါတယ်။ အလားတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို “လက်နက်ချ အလင်းဝင်ကြဖို့” တိုက်တွန်းဖိတ်ခေါ်နေပါတယ်။

ဒီလိုမျိုး အခြေအနေတွေမှာ စစ်ကောင်စီတပ်မှူးတပ်သားများအနေနဲ့ လက်အောက်ကို ချနင်းနေတဲ့ စစ်ခေါင်းဆောင်များရဲ့ ကိုယ်ကျိုးစီးပွားအတွက် မိမိတို့ ဘဝအသက်တွေကို တန်ဖိုးမဲ့ အဆုံးရှုံးမခံဘဲ မိသားစုတွေနဲ့ ဂုဏ်သိက္ခာရှိရှိ အမြန်ဆုံဆည်းနိုင်ဖို့ရာ “အချိန်မီ အလံဖြူထောင်ကြဖို့” သတင်းစကားပါးတိုက်တွန်းအပ်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဝက်လက်မြို့နယ်၊အရှေ့တောင်ဘက်က အုန်းနှဲဘုတ်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်​​ကြောင်းဟာ ဆယ်နဲ့ချီသေဆုံးခဲ့ပြီး စစ်သား ၁၂ဦးခန့် ဟာ PDF ​တွေထံမှာအလံဖြူထောင်လက်နက်ချခဲ့တယ်လို့တော်လှန်ရေးတပ်နဲ့ ​ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

သတင်း

AA အနေဖြင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၇ခုအနက် စစ်တွေ၊ ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်သုံးခုသာ သိမ်းပိုက်ရန်သာ ကျန်တော့သည့် အခြေအနေ၌ ယခု ကဲ့သို့အသိပေးလာခြင်းလည်းဖြစ်သည်။