တာရာ/People’s Spring
စစ်ကောင်စီတပ်က မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် တရုတ်ပိုက်လိုင်း၌ အခြေ ပြု၍ ရွှေစက်တော်ဘုရားအတွင်း စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်က မင်းဘူးမြို့နယ်၊ ပဒေါင်းရွာအနီးရှိ တရုတ် ရေနံပိုက်လိုင်းကို အခြေပြုပြီး မန်းရွှေစက်တော်ဘုရားတွင် အင်အားဖြည့်တင်းကာ အခိုင်အမာတပ်စွဲနေကြောင်း ရွှေစက်တော်အနီးရှိ ဒေသခံတစ်ဦးကပြောသည်။
“ရွှေစက်တော်က ရခိုင်ဘက်ကလာရင် အဓိက စိုးမိုးကုန်းဖြစ်နေတာရယ်။ ရခိုင်ကို စစ်ကူပို့တဲ့ အဓိက လမ်းမဘေးနားမှာရှိတာကြောင့်ဖို့ အင်အားအလုံးအရင်းနဲ့ မန်းရွှေစက်တော်ကို ခံစစ်ပြင်နေတာပါ”ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ် မန်းရွှေစက်တော်ဘုရားအနီးတပ်စွဲပြီး ဒေသခံများကို ဖမ်းဆီး ပေါ်တာဆွဲခြင်း၊ ဒေသခံများထံမှ ငွေကြေးများလုယက်ခြင်းစသည့်တိုပြုလုပ်နေကြောင်းလည်း ဒေသခံတစ်ဦးကပြောသည်။
“မန်းရွှေစက်တော် ၃မိုင်ဂိတ်နဲ့ ပဒေါင်းရွာထိပ်မှာ စစ်တပ်က တပ်စွဲပြီး ဒေသခံတွေကို ခြိမ်းခြောက်တာ၊ ငွေညှစ်တာတွေလုပ်ပါတယ်။ ပြည်သူတွေကိုလည်း PDFတွေ သတင်းမေးပြီး ရိုက်နှက်တာတွေလုပ်ကြတယ်”ဟု ၎င်းကဆက်ပြောသည်။
မန်းရွှေစက်တော်အနီးရှိ ဘုရားရွာမှ လူငယ် ၃ ဦးကို ဒီဇင်ဘာလဆန်းပိုင်းတွင်စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသေးသည်ဟု ဒေသခံတစ်ဦးကဆက်ပြောသည်။
ပဒေါင်းရွာသည် မြန်ာ-တရုတ်ရေနံပိုက်လိုင်းအတွက် ရေနံတွန်းစက်ရုံတည်ရှိပြီး စစ်တပ်က အထိုင်စခန်းချထားသည့်နေရာဖြစ်သည်။ ထိုရွာအနီးရှိ တရုတ်ပိုက်လိုင်းတွင် စစ်တပ်ကအင်အားစုပြီး ငဖဲမြို့နယ်မှ တဆင့်ရခိုင်ပြည်နယ်ဘက်သို့စစ်ကူပို့ခြင်းနှင့် ရွှေစက်တော်ဘုရားအတွင်း စစ်အင်အားတိုးချဲ့ခြင်းတို့ကို ပြုလုပ်နေသည်ဟု ဒေသခံများကဆိုသည်။
နိုဝင်ဘာ ၂၇ ရက်ကလည်း မင်းဘူးအခြေစိုက် ဒေသခံ ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတပ်တို့ ပုသိမ်-မုံရွာလမ်းမပေါ်ရှိ မန်းရွှေစက်တော် အဝင် ဂိတ် (၃မိုင်ဂိတ်)တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် စစ်ကြောင်းနောက်ပြန်ဆုတ်သွားကြောင်း မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်းက ထုတ်ပြန်ထားသည်။