Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရောက်မြန်မာလုပ်သား ၃သန်းနီးပါး အထောက်အထားသက်တမ်းတိုးမည့်ကိစ္စ ငွေတောင်းကြမ်း၍ ဆန္ဒပြမှုများဖြစ်နေ

ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက စလစ်ကြေးပေးသွင်းရန် မလိုဟု ဒီဇင်ဘာ ၆ရက်က ထုတ်ပြန်ထားသည်။

ထိုင်းရောက်မြန်မာလုပ်သား ၃သန်းနီးပါး အထောက်အထားသက်တမ်းတိုးမည့်ကိစ္စ ငွေတောင်းကြမ်း၍ ဆန္ဒပြမှုများဖြစ်နေ
ထိုင်းရောက်မြန်မာလုပ်သား ၃သန်းနီးပါး အထောက်အထားသက်တမ်းတိုးမည့်ကိစ္စ ငွေတောင်းကြမ်း၍ ဆန္ဒပြမှုများဖြစ်နေ

မက်ကစံ/People’s Spring

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သား ၃သန်းနီးပါး အထောက်အထားသက်တမ်းတိုးရမည့်ကိစ္စတွင် ထိုင်း−မြန်မာပွဲစားများက ကုန်းကျငွေအဆမတန်ကောက်ခံနေမှုနှင့် မြန်မာသံရုံးပါဝင်ပတ်သက်လာမှုကြောင့် စက်ရုံ၊အလုပ်များတွင် ဆန္ဒပြကန့်ကွက်သည်အထိဖြစ်ပေါ်နေသည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၃ရက်တွင် သက်တမ်းကုန်ဆုံးကြမည့် ထိုင်းရောက်မြန်မာလုပ်သား ၂သန်းနှင့် ၇သိန်းကျော်သည် ၎င်းတို့၏ (၂)နှစ်သက်တမ်းရှိ အထောက်အထားများ ပြန်လည်သက်တမ်းတိုးရန်အတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ရက်က စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းအစိုးရက သက်တမ်းကုန်ဆုံးမည့်မြန်မာလုပ်သားဦးရေများပြားလွန်၍ ကြိုတင်လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။

၂၀၂၅ ဖေဖော်ဝါရီ ၁၃၇က်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (Passport – စာအုပ်အနီ) ၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI – စာအုပ်အစိမ်း) ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား (၂)နှစ် သက်တမ်းရှိသည့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုချက် လျှောက်ထားနိုင်ပြီး ၎င်းင်းတို့မှာ ထပ်မံ၍ (၂)နှစ် သက်တမ်းတိုးခွင့်ရှိပြီး စုစုပေါင်း (၄)နှစ် ခွင့်ပြုမည်ဟု ထိုင်းအစိုးရက ကြေညာထားသည်။

Public Service Announcement

Public Service Announcement

ယခုအကြိမ် မြန်မာလုပ်သားများသက်တမ်းတိုးရာတွင် ပွဲစားများ တောင်းခံကောက်ယူသည့် ငွေကြေးများပြားလာမှုမှာ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များပါဝင်လာမှုကြောင့်ဟု ပွဲစားများက သုံးသပ်သည်။

ဥပမာ ယခင်က သက်တမ်းတိုးရာတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ပတ်သက်မှုမရှိခဲ့သော်လည်း ယခုတစ်ကြိမ် သက်တမ်းတိုးရာတွင် မြန်မာသံရုံးနှင့် ပတ်သက်သည့် ကိစ္စပါဝင်လာသည်ဟု ဆိုသည်။

“ အခုက ပါမစ်ထွက်ပြီးရင် အဲဒီပါမစ်နဲ့ မြန်မာသံရုံးက အမည်အတည်ပြုပေးရမှာ။ သံရုံးက အမည်အတည်ပြုချက်ထုတ်ပေးပြီးမှ ဗီဇာထုရမှာ။ အဲဒီလုပ်ငန်းစဉ် ပါလာတာ”ဟု မြန်မာပွဲစားတစ်ဦးက ပြောသည်။

အဆိုပါ အမည်စာရင်းစလစ်ထုတ်ပေးရာတွင် မြန်မာသံရုံးထံ စလစ်ကြေး ဘတ် ၁၈၀၀ ပေးသွင်းရမည်ဟု ဆိုကာ ပွဲစားများက အဆမတန်ကောက်ခံနေခြင်းလည်း ဖြစ်သည်။

သို့သော် ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက စလစ်ကြေးပေးသွင်းရန် မလိုဟု ဒီဇင်ဘာ ၆ရက်က ထုတ်ပြန်ထားသည်။

” သံရုံးက စလစ်ကြေး မပေးရဘူးဆိုပေမယ့် တကယ်တမ်း စလစ်တင်ရင် ပိုက်ဆံမပေးရင် ကြာနေမှာ။ လူဦးရေက အရမ်းများတော့ မပေးလို့ မရတဲ့ အနေအထားဖြစ်သွားမှာ။ မပေးတဲ့သူ ကျန်နေမယ်။ နောက်ဆုံးမှ ရမယ်။ အရမ်းနောက်ကျရင် အချိန်မမီတာတွေ ဖြစ် ကျန်ခဲ့မယ်။ ဒါလုပ်ငန်းစဉ်က ရှင်းရှင်းလေး။ အဲဒီတော့ ပွဲစားတွေက စလစ်ကြေးဆိုပြီး ထည့်တောင်းထားတာ”ဟု မြန်မာပွဲစားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂က သက်တမ်းတိုးရာတွင် မြန်မာလုပ်သား ၃သိန်းခန့်မှာ အချိန်မမီ၍ ကျန်ခဲ့သည့်ဖြစ်စဉ်ရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

” ဒီတခါ သက်တမ်းတိုးတာက လူဦးရေ အစုလိုက်၊အပြုံလိုက် အလိမ်ခံရမယ့် ဖြစ်စဉ်ပဲ”ဟု မြန်မာပွဲစားက ပြောသည်။

ထိုအခြေအနေတွင် စက်ရုံ၊အလုပ်ရုံတစ်ခု၌ ထောင်နှင့်ချီရှိသော မြန်မာလုပ်သားများ သက်တမ်းတိုးရန် ထိုင်း−မြန်မာပွဲစားများက ကြားခံအဖြစ်ဟုဆိုကာ စက်ရုံးများသို့သွားရောက်ပြီး လူစာရင်းကောက်ခံကာ ငွေကြိုသွင်းမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။ တချို့စက်ရုံပိုင်ရှင်များက အဆိုပါပွဲစားများဖြင့် ပူးပေါင်းကာ စက်ရုံသို့ခေါ်ဆောင်ပြီး စာရင်းပေးသွင်းခိုင်း၊ တချို့စက်ရုံများရှိ မန်နေဂျာများက ထိုကဲ့သို့ လုပ်ဆောင်ခြင်းနှင့် အချို့ပွဲစားများမှာမူ စက်ရုံများသို့ သွားရောက်ပြီး လူစာရင်များ အသီးသီးကောက်ခံနေခြင်းဖြစ်ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီပေးနေသူများက ပြောသည်။

အလုပ်ပါမစ်အတွက် ကုန်ကျမှု ဘတ် ၁၉၀၀၊ ဗီဇာအတွက် ဘတ်၅၀၀၊ ဆေးစစ်ခအတွက် ဘတ်၅၀၀နှင့် ကျန်းမာရေးအာမခံအတွက် ဘတ်၁၀၀၀ စုစုပေါင်း ကုန်ကျငွေ ဘတ် ၃,၉၀၀ သာ ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားသော်လည်း ပွဲစားများက ကနဦးတွင် တစ်ဦးလျှင် ဘတ် ၁၇,၀၀၀ အထိတောင်းခံနေခြင်း ဖြစ်သည်။ အဆမတန်တောင်းခံမှုများကြောင့် ဝေဖန်ခံရ၍ ဘတ် ၁၂၀၀၀ သာကောက်ခံရန် ထပ်မံလုပ်ဆောင်လာခဲ့သည်။သို့သော် ပမာဏမှာများလွန်းသည်ဆိုကာ လက်တလောတွင် ထိုင်းနိုင်ငံ စက်ရုံ၊အလုပ်ရုံများရှိ မြန်မာလုပ်သားများမှာ ဆန္ဒပြကန့်ကွက်မှုများပင် ဖြစ်ပေါ်နေသည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတဝန်းရှိ မြန်မာလုပ်သားများလုပ်ကိုင်နေသော စက်ရုံ ဆယ်ဂဏန်းခန့် ဆန္ဒပြမှုများဖြစ်ပေါ်နေသည်ဟု ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးသူ AAC မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။

” ကျနော်တို့ဆီ လာဆွေးနွေးတာ စက်ရုံ ၃၀လောက်ရှိတယ်။ ပြေလည်သွားတဲ့ စက်ရုံတွေလည်း ရှိတယ်။ အရင်က ဒီလိုသက်တမ်းတိုးရင် သံရုံးနဲ့ဘာမှမဆိုင်ဘူး။ ထိုင်းဘက်က ကိစ္စ”ဟု ကိုရဲမင်းက ပြောသည်။

ဒီဇင်ဘာ ၁၆ရက်က ထိုင်းနိုင်ငံ ဖိချဘွန်မြို့နယ်ရှိ မြန်မာလုပ်သား ထောင်ချီရှိသော ကြက်သားစက်ရုံတွင် သက်တမ်းတိုးကြေး ဘတ် ၁သောင်းကျော်ကောက်ခံသည်ဟုဆိုကာ မြန်မာလုပ်သားများက စုဝေးကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဒီဇင်ဘာ ၁၇ရက်ကလည်း နခွန်ပထုန်ခရိုင် ဘန်လင်းမြို့နယ်ရှိ မြန်မာလုပ်သားထောင်နှင့်ချီရှိသော ကားတာယာစက်ရုံတွင်လည်း သက်တမ်းတိုးကြေးတစ်ဦးလျှင် ဘတ် ၉ထောင်ကောက်ခံသည်ဟုဆိုကာ ဆန္ဒပြကန့်ကွက်ရာ တစ်ဦးလျှင် ဘတ် ၇ထောင်နှုန်းဖြင့် သဘောညီမှုရခဲ့သည်ဟု ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံရှိ စက်ရုံ၊အလုပ်ရုံများ၌ မြန်မာလုပ်သားထောင်နှင့်ချီ အလုပ်လုပ်ကိုင်နေရာ အထောက်အထားတစ်ကြိမ်သက်တမ်းကုန်ဆုံးပါက အထောက်အထားပြုလုပ်ပေးသည့် နေရာများ၌ လုပ်သားများစေလွှတ်မလုပ်ခိုင်စေဘဲ ပွဲစားများအား စက်ရုံသို့ခေါ်ယူ၍ စာရင်းပေးသွင်းကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒီဆန္ဒပြမှုဓာတ်ပုံတွေထွက်လာပြီးတဲ့နောက် မန္တလေးတောင်နဲ့ မြို့တွင်းတွေပါ စစ်တပ်ကလုံခြုံရေးတွေတင်းကြပ်နေတယ်လို့မြို့ခံတစ်ဦးကလည်း ပြောပါတယ်။

သတင်း

မင်းတပ်မြို့ မြို့မစျေးအနီးတွင် ၂၀၂၁ ကပြည်သူများထိုင်၍ ဆန္ဒထုတ်ဖော်နေသည့် မြင်ကွင်းနှင့် စစ်ကောင်စီတပ်သားအချို့အား မြို့မစျေးအနီး၌ ဖမ်းဆီးရရှိထားသည့် ဓာတ်ပုံမြင်ကွင်းကိုလည်း ဖော်ပြခဲ့သည်။

သတင်း

ဒီဇင်ဘာ ၁၆ရက်က ထိုင်းနိုင်ငံ ဖိချဘွန်မြို့နယ်ရှိ မြန်မာလုပ်သား ထောင်ချီရှိသော ကြက်သားစက်ရုံတွင် သက်တမ်းတိုးကြေး ဘတ် ၁သောင်းကျော်ကောက်ခံသည်ဟုဆိုကာ မြန်မာလုပ်သားများက စုဝေးကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

သတင်း

လူမဆန်သည့် လုပ်ကြံသတ်ဖြတ်မှုများကို ဆန့်ကျင်ရှုတ်ချကြောင်းနှင့် အမှုမှန်အမြန်ဆုံး ပေါ်ပေါက်စေရေးတို့အတွက် တိုက်တွန်းတောင်းဆိုခြင်းဖြစ်ကြောင်း BEGSCက အသိပေးသည်။