Connect with us

Hi, what are you looking for?

သတင်း

မကွေးတိုင်းအနောက်ပိုင်း၌ စစ်တပ်က လူငယ်များ ပေါ်တာဆွဲနေ

စစ်ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး အဆိုပါမြို့နယ်များတွင် လူငယ်များကို ပေါ်တာဆွဲမှု အရှိန်မြင့်လုပ်ဆောင်နေကြောင်းလည်း မြို့ခံများက ပြောသည်။

(မကွေးတိုင်းအတွင်း၌ စစ်မှုထမ်းအပတ်စဉ်(၄)မှ ခေါ်ဆောင်ခံရသူများအား တွေ့ရစဉ်။ ဓာတ်ပုံ − စကစ)
(မကွေးတိုင်းအတွင်း၌ စစ်မှုထမ်းအပတ်စဉ်(၄)မှ ခေါ်ဆောင်ခံရသူများအား တွေ့ရစဉ်။ ဓာတ်ပုံ − စကစ)

ကျော်ဇော၊တာရာ/People’s Spring

မ​ကွေးတိုင်း​​ဒေသကြီး၏ အ​နောက်ပိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက လူငယ်များ စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း အဆိုပါဒေသရှိ သတင်းရင်းမြစ်များက ပြောသည်။

မကွေးတိုင်း၊ မင်းဘူးခရိုင်းအတွင်းရှိ စလင်း၊ဆင်ဖြူကျွန်း၊စလင်း၊ပွင့်ဖြူနှင့် စကုမြို့နယ်တို့တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများလည်း လုပ်ဆောင်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၉ ရက်)နံနက် ၈ နာရီခန့်က စလင်းမြို့နှင့် နှစ်မိုင်ခန့်အကွာမှ နေအိမ် ၈၀ခန့်ရှိ ထူးပေါက်ကျေးရွာသို့ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်းအား ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

Public Service Announcement

Public Service Announcement

“အင်အား များလားဆိုတော့ အရပ်ဝပ်တွေနဲ့လာတာ။ အတည်ပြုနေတုန်းပဲ။ အဝေးပြေးကားတွေနဲ့ လမ်းသွားလမ်းလာတွေကိုပါ စစ်ဆေးဖမ်းဆီးနေတာ”ဟု ဒေသခံ စစ်ရင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထူးပေါက်ကျေးရွာအနီး ဖမ်းဆီးခံရသူသုံးဦးမှာ အဝေးပြေးယာဥ်လိုင်းတစ်ခုဖြင့် လိုက်ပါလာသော ကြက်သကိုင်ကျေးရွာသားနှစ်ဦးနှင့် ကျီးသိုက်ကျေးရွာမှ တစ်ဦးဖြစ်ပြီး ၎င်းတို့သည် ရန်ကုန်မြို့သို့ ခရီးသွားမည့်ဒေသခံများဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

အလားတူ စလင်းမြို့အနောက်ဘက်ခြမ်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီးရှိ ဝက်သည်းကန်၊ ဝမ်းပြည့်၊ မကျည်းကုန်းနှင့် တောင်တောင် စသည့်ကျေးရွာများတွင် စစ်ကောင်စီတပ်က အထိုင်ချထားပြီး စလင်းနယ်နှင့် ဆင်ဖြူကျွန်းမြို့နယ်တွင်လည်း ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုးခြင်းများ ရှိနေသည်။

ဆင်ဖြူကျွန်းမြို့နယ်အတွင်း ကျေးရွာများသို့ ဝင်ရောက်စဥ် ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက စမ်းကလေး(မြောက်)ရွာအား စစ်ကောင်စီတပ်များ ဝင်ရောက်မီးရှို့ဖျက် ဆီးခဲ့ရာ ဓမ္မာရုံတစ်ခုနှင့် နေအိမ်သုံးလုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။

“အခုလက်ရှိမှာ ဒီကောင်တွေ(စကစတပ်)က ပြည်သူတွေမရှိတဲ့ နေအိမ်တွေထဲကို ရိုက်ချိုးဖျက်ဆီးပြီးဝင်တယ်။ လိုချင်တာတွေ့ရင် ယူသွားတယ်။ ပြီးတဲ့အခါမှာ ညဘက်အဲဒီအိမ်တွေထဲမှာ ဝင်အိပ်ပြီး အိမ်မှာကျန်ခဲ့တဲ့၊ ကြက်၊ ဝက်၊ ဘဲ စတဲ့အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ် ချက်ပြုတ်စားသောက်ကြတာပေါ့”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေရာ ဆင်ဖြူကျွန်းတစ်မြို့တည်းတွင် ပြည်သူ ၅၀ ကျော် ဖမ်းခံထားရပြီး စလင်းတစ်မြို့နယ်လုံးဆိုရင် ဖမ်းဆီးခံရသူ အများအ ပြားရှိနေပြီဟု ဒေသခံများထံမှ စုံစမ်းသိရသော်လည်း အရေအတွက်အတိအကျအား မသိရသေးပေ။

စစ်မှုထမ်းရန် အင်အားလိုအပ်နေသည့် စစ်ကောင်စီတပ်က လူငယ်တွေကို အတင်းအဓမ္မပေါ်တာဆွဲနေခြင်းကြောင့် ကြောက်လန့်နေကြရသည်ဟုလည်း ဒေသခံများတစ်ဦးက ပြောသည်။

“စကု(မြို့)ဘက်မှာဆို လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို တောက်လျောက် ပေါ်တာဆွဲနေလို့ လူငယ်တွေ အပြင်မထွက်ရဲကြဘူး။ မနေ့က လူငယ် ၃ ယောက်ကို ကားပေါ်ရိုက်နှိမ်ပြီး ဖမ်းတင်သွားတယ်”ဟု စကုမြို့ခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း ပွင့်ဖြုမြို့ မုန်းတံတားအနီးတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲသဖြင့် လူငယ်တစ်ဦး ပါသွားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။ ပွင့်ဖြူမြို့အနီးရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က အိမ်စီးကားဖြင့် လူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်းလည်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၉ ရက်တွင် ပွင့်ဖြုမြို့နယ် ရှောက်တောမှ မဲဇလီရွာကြားလမ်းမပေါ်တွင် လူငယ်များကို စစ်ကောင်စီတပ်က ဖမ်းဆီးပေါ်တာဆွဲသွားကြောင်းလည်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး အဆိုပါမြို့နယ်များတွင် လူငယ်များကို ပေါ်တာဆွဲမှု အရှိန်မြင့်လုပ်ဆောင်နေကြောင်းလည်း မြို့ခံများက ပြောသည်။

စလင်းမြို့နယ်အတွင်း စစ်တပ်က ရွာပေါင်း ၂၀ ကျော်ကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ကျေးရွာပေါင်း ၂၀ကျော်မှ ဒေသခံပြည်သူ တစ်သောင်းခန့်ထွက်ပြေးတိမ်းရှောင်နေရသည်ဟုလည်း စလင်းမြို့ခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ယာဥ်တန်းသည် စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်လာရာ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ကြား ယနေ့(ဇန်နဝါရီ ၃ရက်) တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

သတင်း

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။