ရဲခေါင်/People’s Spring
လာမည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်ကာလအတွင်း အများပြည်သူ လှူဒါန်းသည့်ကျည်များအား ဖြန်းတီးပစ်ဖောက်မှုမလုပ်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဥက္ကဌ ခွန်းဘီထူးက ညွှန်ကြားထားသည်။
အဆိုပါ ညွှန်ကြားချက်ကို KNDF ဗဟိုဌာန၊ဗျူဟာ၊တပ်ရင်း၊ တပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည်ဟု ဆိုသည်။
“တပ်ဖွဲ့အတွင်းမှာ KNDF ဥက္ကဌကနေပြီး ညွှန်ကြားစာ ဖြစ်ပါတယ်။ဒီလိုမျိုး ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ လက်နက်ခဲယမ်းဖောက်တာတွေ တားမြစ်ထားတဲ့ ညွှန်ကြားစာဖြစ်ပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
အများပြည်သူလှူဒါန်းသည့် ကျည်များကို စစ်ရေးအတွက် အဓိကအသုံးပြုရန်၊အများပြည်သူလှူဒါန်းသည့် ကျည်ဆံများကို ဖြန်းတီးပစ်ခတ်မှုမလုပ်ရန်၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးပွဲတော်အတွင်း သေနတ်ပစ်ဖောက်မှုလုံးဝ မပြုလုပ်ရန် ညွှန်ကြားစာ၌ ပါရှိသည်။
အမိန့်ညွှန်ကြားစာပါအချက်များကို လိုက်နာခြင်းမရှိပါက ထိရောက်စွာအရေးယူမည်ဟုလည်း အသိပေးထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့သည့်က KNDFတွင် ဗျူဟာ ရှစ်ခု၊ တပ်ရင်း ၃၁ ခုရှိကာ အင်အား တစ်သောင်းနှင့်အထက်ရှိကြောင်း ကရင်နီပြည်နယ်စစ်ရေးလေ့လာသူအချို့က သုံးသပ်ထားသည်။
လက်ရှိ စစ်ကောင်စီ၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ကို ခုခံနေရသော ကရင်နီပြည်နယ်အတွက် “စုပေါင်းကူညီထောက်ပို့ကျည်” နှင့် “ကျည်-Ammo ” ကမ်းပိန် ပြုလုပ်လျှက်ရှိသည်။