နှစ်ရက်အတွင်း အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေ၊ လက်နက် ၂၀ကျော်ရဟု သတင်းရင်းမြစ်ပြော
ဟန်နွေ/People’s Spring
မာနယ်ပလောဒေသလက်ကျန်စခန်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်က လိုက်လံရှင်းလင်းရာ အရာရှိအပါအဝင် သေဆုံးထိခိုက်များကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။
ဒီဇင်ဘာ ၁၆ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU)ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ၌နောက်ဆုံးကျန်နေသည့် နိုဒေး စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသ၌ KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ထွက်ပြေး စစ်ကောင်စီတပ်သားများနှင့်ဒီဇင်ဘာ ၂၀ရက်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ယနေ့ ဒီဇင်ဘာ ၂၁ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးထပ်မံ သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
သေဆုံးသူများတွင် အရာရှိအချို့ပါဝင်ပြီး လက်နက် ၂၃လက်သိမ်းရခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များအား တိုက်ခိုက်ရှင်းလင်းမှုနှင့်ပတ်သက်၍ KNU ဗဟိုမှ သတင်းရင်းမြစ်အား မေးမြန်းရာ ဖြစ်စဉ်ကို မသိရသေးဟု ပြောသည်။
မာနယ်ပလောဒေသ လက်ကျန်စခန်းတိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်ကြီး၊ စက်သေနတ်နှင့် လက်နက်ငယ်၊ ခဲယမ်း၊ ကျည်များ သိမ်းရခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။ ထို့ပြင် စခန်းသိမ်းပြီးနောက်ရက် ဒီဇင်ဘာ ၁၇ရက်တွင်လည်းထွက်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်က တပ်ရင်းမှူး အဆင့်အပါအဝင် ၅ဦး အရှင်ဖမ်းမိခဲ့ကြောင်း သတင်းရင်းမြစ်က ပြောထားသည်။
KNU ဌာနချုပ်ဟောင်း မာနယ်ပလောကို စစ်တပ်က ၁၉၉၅ ဇန်နဝါရီတွင် သိမ်းပိုက်ခဲ့ရာ နှစ်ပေါင်း ၃၀အကြာ ယခုနှစ် ဒီဇင်ဘာလလယ်တွင် KNU က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။