-နေ့သစ်/ People’s Spring
ချင်းညီနောင်က မင်းတပ်မြို့မှာနောက်ဆုံးကျန်တဲ့ ခလရ ၂၇၄ ကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာအပြီးသတ်သိမ်းပိုက်ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးကိုအပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီလို့ ယနေ့ညမှာကြေညာ လိုက်ပါတယ်။
ဟောင်ဝစ်ဇာအမြောက်အပါအဝင် ရာနဲ့ချီတဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာကို ဒီဇင်ဘာ ၂၂ ရက်နေ့မှာထုတ်ပြန်တဲ့ သတင်းမှတ်တမ်းဓါတ်ပုံတွေထဲမှာမြင်တွေ့ရပါတယ် ။စစ်တပ်ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသား ၁၃ ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ် ။
ဒါအပြင်စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။
ချင်းညီနောင်က မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့ကစတင်ခဲ့တာပါ။ထိုးစစ်တစ်လခွဲအတွင်းမှာ မင်းတပ်မြို့ကိုသိမ်းပိုက်နိုင်ခဲ့သလို မင်းတပ်ကိုသိမ်းလိုက်တာကြောင့် ကန်ပက်လက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေးကုန်တာမို့ ကန်ပက်လက်မြို့ကိုပါ ဒီဇင်ဘာ ၂၁ ရက်မှာသိမ်းပိုက်နိုင်ခဲ့ပါတယ် ။
မင်းတပ်မြို့နယ် ၊ ကန်ပက်လက်မြို့နယ် ၊ကျင်ဒွေးမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးဖြစ်လို့ ချင်းပြည်နယ်တောင်ပိုင်းမှာစစ်တပ်ကင်းစင်သွားပြီဖြစ်ပါတယ် ။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်တွေအပြင် မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Yaw Defense Force (YDF) ၊ Yaw Army(YA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း (၃) တို့က ပူးပေါင်းတိုက်ခိုက်ပေးကြတယ်လို့ သိရပါတယ် ။
အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းအကူအညီ ၊ စစ်ကူတွေ အပြင် စစ်ရေးဆိုင်ရာအကြံဥာဏ် နဲ့လိုအပ်သောအကူအညီတွေ ပံ့ပိုးကူညီခဲ့တယ်လို့လည်းဖော်ပြပါတယ် ။
မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ပြီး မြို့သိမ်းတိုက်ပွဲမှာ အသက်ပေးအပ်ခဲ့ကြတဲ့ အာဇာနည်တွေ ၊ကိုယ်လက်အဂါ်စွန့်လွတ်ခဲ့ရတဲ့ ရဲဘော်တွေ ၊အောင်ပွဲရတယ်အထိစွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့တဲ့ တပ်မှူးတွေ၊ ရဲဘော်တွေကိုဂုဏ်ပြုကြောင်း ချင်းညီနောင်ကဖော်ပြပါတယ် ။
ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ကျန်နေသေးတဲ့ မြို့နယ်တွေမှာလည်း စစ်တပ်စခန်းတွေသိမ်းပိုက်နိုင်ရေးမဟာမိတ်တွေနဲ့ အတူဆက်လက်တိုက်ပွဲဝင်မယ်လို့လည်း ဖော်ပြထားပါတယ် ။