ထားမြတ်/People’s Spring
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင်အမှတ် (၃)တပ်ရင်းမှ ရဲဘော်ခုနစ်ဦး ကျဆုံးခဲ့ကြောင်း အဆိုပါတပ်ရင်းက အသိပေးထုတ်ပြန်သည်။
ချင်းညီနောင်အဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ ဖြစ်ကြသည့် ယောဒေသတော်လှန်ရေးတပ် Yaw Defence Force YDF ၊ Yaw Army (YA)နှင့် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းတို့ ပူးပေါင်း၍ ချင်းညီနောင်စစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်မှ စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။
မင်းတပ်မြို့၏ နောက်ဆုံးလက်ကျန် ခလရ (၂၇၄)တပ်ရင်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး မြို့လုံးကျွတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မင်းတပ်မြို့ စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း ၁၆၀ဦးခန့်အား ဖမ်းဆီးရမိထားကြောင်း အသိပေးသည်။
ထို့ပြင် ၁၂၂ မမလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ပြီး စစ်ကောင်စီ ဖမ်းထားသည့် နိုင်ငံရေးအကျဉ်းသား ၁၃ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
စစ်ဆင်ရေးအတွင်း မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ပြင်းထန်စွာဒဏ်ရာရသူ ၃ဦး ၊ ကိုယ်အင်္ဂါ ပြတ်တောက်သူ ၂ဦးအပါအဝင် ဒဏ်ရာရသူ ၁၄ဦး ရှိခဲ့ပြီး ကျဆုံး ရဲဘော် ၇ဦး ရှိခဲ့သည်ဟု အသိပေးသည်။
တိုက်ပွဲအတွင်းကျဆုံးထိခိုက်အခြေအနေကို ချင်းညီနောင်က တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။
ထို့အပြင် ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်မှူးတစ်ဦးက မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသူနှင့် ကျဆုံးသည့် တော်လှန်ရေးရဲဘော် ၂၀၀ ခန့်ရှိခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်။
ယင်းအနက်မှ သုံးပုံတစ်ပုံသည် ရှေ့တန်းစစ်မြေပြင်တွင် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မုံရွာခရိုင်အမှတ် (၃)တပ်ရင်းအား ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
အဆိုပါမြို့သိမ်းစစ်ဆင်ရေးအား အာရက္ခတပ်တော်(AA)မှ စစ်ကူ၊ စစ်လက်နက်ခဲယမ်း၊ စစ်ရေးဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးပေးခဲ့ဟု မုံရွာခရိုင်တပ်ရင်း(၃)နှင့် ချင်းညီနောင်က အသိပေးထားသည်။
ချင်းညီနောင်သည် ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကိုသိမ်းပိုက်ပြီးနောက် မင်းတပ်နှင့် နယ်မြေစပ်ဆက်နေသည့် ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်များမြို့ကို စွန့်ခွာထွက်ပြေးသွား၍ ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့ကို ချင်းညီနောင်က သိမ်းပိုက်ခဲ့သည်။
ချင်းညီနောင်၏မြို့သိမ်းစစ်ဆင်ရေးများအတွင်း မဟာမိတ်များက ပါဝင်ကူညီပြီး ချင်းညီနောင်အနေဖြင့်လည်း အခြားဒေသများ လွတ်မြောက်ရေးအတွက် တက်နိုင်သည့်ဘက်မှ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။