■စစ်ကောင်စီတပ်နှင့် ရဲဆုတ်ခွာသွား၍ ချင်းညီျနာင်က မြို့ကိုသိမ်းပိုက်ထိန်းချုပ်
■မင်းတပ်နှင့် ကန်ပက်လက်မြို့များကို သိမ်းပိုက်နိုင်မှုနှင့်အတူ ချင်းပြည်တောင်ပိုင်းတွင် စစ်ကောင်စီ ကင်းစင်ပြီဖြစ်
ဟန်နွေ/People’s Spring
ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ စစ်ကောင်စီတပ်သားများနှင့် ရဲများ ဆုတ်ခွာသွားပြီဖြစ်၍ ယနေ့ ဒီဇင်ဘာ ၂၂ရက်မနက်မှစ၍ ချင်းညီနောင် မဟာမိတ်တပ်များမြို့ကို ဝင်ရောက်နေရာယူကာ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောသည်။
“ဒီဇင်ဘာ ၂၁ ညမှာ စကစတွေဆုတ်ခွာသွားပြီ။ မြေပြန့်ယောနယ်ဘက်ကို။ ဒီမနက်မှာ ချင်းညီနောင် CB ဘက်က မြို့ထဲမှာ နေရာယူလိုက်ပြီလို့ ပြောတယ်။ ဆောဘက်ကို ဆုတ်သွားပြီ။ ချင်းပြည်တောင်ပိုင်းကို စကစ လုံး၀ စွန့်လွှတ်လိုက်ပါပြီ။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းညီနောင်က တိုက်ပွဲ ဖော်ဆောင်ရန် ပြင်ဆင်နေချိန် စကစ တပ်များ ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ ချင်းညီနောင်သည် ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဒီဇင်ဘာ ၂၂ရက်တွင်ကန်ပက်လက် မြို့ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“စကစ ဆုတ်ခွာသွားပြီးမှ အဲဒါကို သတင်းကြားပြီး ချက်ချင်း သွားပြီး မှ မြို့ထဲကို နေရာယူတာဖြစ်ပါတယ်။ဘယ်သူက သိမ်းတာလဲ ဘယ်သူက လုပ်တာလဲဆို ချင်းညီနောင်က သိမ်းတယ်လို့ ပြောလို့ရတယ်။ဘာဖြစ်လို့ဆိုတော့ စကစ မရှိတဲ့ဟာကို သူတို့က မြို့ကို ထိန်းချုပ်နိုင်တယ်ဆိုတော့လေ။ ” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းညီနောင်ကလည်း ယနေ့ ဒီဇင်ဘာ ၂၂ရက်မှစ၍ ကန်ပက်လက်မြို့သိမ်း တိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာထားသည်။
ကန်ပက်လက်မြို့တွင် ယခင်က ရဲစခန်းသာရှိပြီး စစ်တပ်အာဏာသိမ်းမှု အပြီးမှသာ စစ်ကောင်စီတပ်က လာရောက်တပ်စွဲနေရာယူထားခြင်းဖြစ်သည်။
ကန်ပက်လက်ဒေသ သတင်းရင်းမြစ်တစ်ဦးကလည်း “အခုက ကန်ပက်လက်မြို့ပေါ်က ဖုန်းလိုင်း မရတော့ ဆက်သွယ်မရဘူးဖြစ်နေလို့။ မနက်ကတော့ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ နောက်တချက်ကလည်း မနေ့ည ကတည်းက စစ်သားနဲ့ ရဲသားတွေက စခန်းကနေ လက်နက်ချပြီး စွန့်ခွာတယ် လို့လည်း ကြားတယ် ဆိုတော့ သတင်း ၂မျိုးကို အတည်ပြုမရသေးလို့ပါ”ဟု ပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၂၂ရက်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေး စတင်သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် ကန်ပက်လက်မြို့ကို ရရှိခြင်းဖြစ်၍ တိုက်ဆိုင်ကြောင်းလည်း ဒေသခံက ပြောသည်။ ချင်းညီနောင်သည် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို ဦးစွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတူပီ၊ မင်းတပ်မြို့များကို သိမ်းပိုက်ထားရာ ယခု ကန်ပက်လက်သည် စတုတ္ထမြောက်သိမ်းပိုက်နိုင်သည့် မြို့ဖြစ်လာသည်။
“CDF ကန်ပက်လက် အတွက်လည်း အရမ်းအဓိပ္ပါယ်ရှိပါတယ်။ ကျင်ဒွေးမှာ CDF Kanpetletက ချည်းကိုပဲ ၁၄ ဦးလား သေချာ မမှတ်မိဘူး ကျဆုံးခဲ့လို့ အရမ်းကို အထိနာခဲ့ရပါတယ်”ဟု ကန်ပက်လက် ဒေသ သတင်းရင်းမြစ်က ပြောသည်။
တစ်ဖက်တွင်လည်း ကန်ပက်လက်မြို့နယ်တွင် ချင်းညီနောင် အဖွဲ့ဝင် CDF ကန်ပက်လက် တပ်ဖွဲ့ရှိသကဲ့သို့ ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ကန်ပက်လက်လည်း ရှိနေပြီး ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီအကြား စစ်ရေး၊နိုင်ငံရေး ကွဲပြားမှုနှင့်အတူ ပြဿနာအချို့ရှိခဲ့သည်။
“ကန်ပက်လက်မြို့နယ်ထဲမှာ ချင်းလဲန်းကောင်စီအဖွဲ့နဲ့ ချင်းညီနောင်အဖွဲ့ရှိတယ်။ ချင်းညီနောင်တွေက AAနဲ့ လက်တွဲထားတယ်။ AA ဦးဆောင်မှုနဲ့ သွားတယ်။ နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ ပြဿနာရှိဖူးတယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF ကန်ပက်လက်နှင့် ကန်ပက်လက်ကောင်စီကလည်း ယနေ့ ကြေညာချက် ထုတ်ပြန်ထားရာ ကန်ပက်လက်၌ တပ်စွဲထားသည့် စစ်ကောင်စီ နှင့် ရဲများသည် ပြည်သူများ၏ ညှိနှိုင်းပေးမှု ဖြင့် ဒီဇင်ဘာ ၂၁ရက် ည ၁၂နာရီ ဝန်းကျင်တွင် ကန်ပက်လက်မြို့အား စွန့်ခွာသွားကြသည်ဟု ဖော်ပြကာ ကန်ပက်လက်မြို့အား ကန်ပက်လက် ပြည်သူများ ထိန်းချုပ်ပြီးဖြစ်ကြောင်းနှင့် ပြည်သူများ ပူးပေါင်းပါဝင်မှု အကျိုးသည် ယနေ့ ဒီဇင်ဘာ ၂၂ရက် တွင် သမိုင်းသက်သေ ထူခဲ့ပြီဖြစ်သည်ဟု ဖော်ပြသည်။
ကန်ပက်လက်မြို့သိမ်းပိုက်နိုင်မှု အပါအဝင် ဒေသတွင်း စစ်ရေး အခြေအနေများနှင့်ပတ်သက်ပြီး ကန်ပက်လက် CDF တပ်ဖွဲ့တာဝန်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။