“များမကြာမီမှာ ကျနော်တို့ရဲ့တော်လှန်ရေးရဲဘော်ရဲဘက်တွေကလည်း မြန်မာတနိုင်ငံလုံးက စစ်ကောင်စီ လက်အောက်ကနေလွတ်မြောက်တော့မယ်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲဝင်ကြရအောင်” – မင်းတပ်အမတ် ဦးနေလင်းအောင်
ဟန်နွေ/People’s Spring
တော်လှန်ရေး၏အရှိန်ကူးစက်မှုကို မင်းတပ်မြို့သိမ်းပိုက်ပြီးနောက် ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးဆုတ်ခွာမှု ဖြစ်စဉ်ကိုတွေ့ရမည်ဖြစ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီ ကင်းစင်ရေးတိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများကို တိုက်တွန်းလိုက်သည်။
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၏ နိုင်ငံရေး ဦးဆောင်မှု ခံယူထားသည့် ချင်းညီနောင်က မင်းတပ်မြို့ကို ဒီဇင်ဘာ ၂၁ရက်တွင်သိမ်းပိုက်ပြီး ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်မြို့ကို သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲ အထူးကြေညာချက်အစီအစဉ်၌ ICNCC သဘာပတိအဖွဲ့ဝင်လည်း ဖြစ်သူ ဦးနေလင်းအောင်က ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့ခြင်းဖြစ်သည်။
ရဲဘော်၊ရဲဘက်များက အသက်သွေးချွေးကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်ပြီး နိုင်ကိုနိုင်ရမည်ဆိုသည့် ပြင်းပြသည့် စိတ်ဖြင့် တိုက်ခိုက်ခဲ့၍ လေးစားဂုဏ်ယူကြောင်း ၎င်းက ဆိုသည်။ တိုက်ပွဲဝင် ရဲဘော် အယောက်စီတိုင်းကို ဦးညွှတ်အလေးပြုကြောင်း၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြရသူများကို လေးစား ဂုဏ်ပြုရမည်ဖြစ်သကဲ့သို့ အသက်ပေးခဲ့သူများကိုလည်း သမိုင်းမှတ်တမ်း တင်ထားရမည့် အာဇာနည်သူရဲကောင်းများ ဖြစ်ကြောင်း ဦးနေလင်းအောင်က ပြောသည်။
“တိုက်ပွဲခေါ်သံကို တူမီးနဲ့ အနိုင်ယူပြီးတော့ တိုက်ခဲ့တဲ့ တိုက်ပွဲခေါ်သံကို ဖော်ဆောင်ပေးခဲ့တဲ့ သမိုင်းထဲက မြို့လေးဖြစ်တယ်။ ပြောရမယ်ဆိုရင် မင်းတပ်မြို့ ဆိုတာ ဒီတော်လှန်ရေးရဲ့ တိုက်ပွဲခေါ်သံကို မောင်းတင်ပေးလိုက်တဲ့ မြို့လေးဖြစ်တယ်။ အဲဒီ မြို့လေးဟာ ဒီကနေ့ စစ်ကောင်စီ အားလုံးကင်းစင်ပြီး လွတ်မြောက်သွားပြီဆိုတော့ ဒီရဲ့ ပိတီတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ တော်လှန်ရေး ပြည်သူပြည်သားအားလုံးမှာ ကူးစက်တယ်။ အလွန်ကို ကူးစက်တယ်။”ဟု ဦးနေလင်းအောင်က ပြောသည်။
တော်လှန်ရေး၏ အရှိန်ကူးစက်မှုကိုလည်း ကန်ပက်လက်မြို့အား မတိုက်ခိုက်ရဘဲ သိမ်းပိုက်နိုင်မှုကို ၎င်းက ဥပမာပေး ပြောကြားခဲ့သည်။
“ မင်းတပ်တိုက်ပွဲက တရှိန်ထိုးနဲ့ နိုင်လိုက်တာနဲ့ ကန်ပက်လက်မှာ ရှိတဲ့ စစ်ကောင်စီက တခါတည်း စစ်တပ်က ကြောချမ်းပြီးထွက်ပြေးကြတာပါ။ အဲဒါကူးစက်သွားတာ။ ဒီတော်လှန်ရေးက တကယ်နိုင်လိုစိတ်နဲ့ တကယ်တိုက်တယ်ဆိုရင် တကယ်။ စစ်ကောင်စီက ခွန်အားနဲ့တိုက်နေတာ မဟုတ်ဘူး။ သူတို့ရဲ့လမ်းမှာ ပန်းတိုင်မရှိဘူး ကျနော်တို့ ပြည်သူလူထုမှာ ပန်းတိုင်ရှိတယ်။ သူတို့မှာ ပန်းတိုင်းမရှိဘူး။ သူတို့မှာ ဘာလုပ်လို့ ဘာလုပ်ရမှန်းမသိဘူး။ အမိန့်အာဏာ တခုတည်းနဲ့ သာ သူတို့က တော်လှန်ရေးကို ခုခံနေတာဖြစ်တယ်။ အကြောက်တရားတွေနဲ့သူ သူတို့ လုပ်နေတာဖြစ်တယ်” ဟု ဦးနေလင်းအောင်က ပြောသည်။
ထို့ကြောင့် တစ်တိုင်းပြည်လုံးရှိ တော်လှန်ရေး ရဲဘော်များသည် တော်လှန်ရေး၌ တူမီးဖြင့် စစ်ကောင်စီကို ခုခံ အောင်ပွဲခံခဲ့သည့် မင်းတပ်မြို့ ပြည်သူများကို ကြည့်ရန်၊ ချင်းညီနောင်၏ စစ်ဆင်ရေးကို သေချာစွာလေ့လာရန် ဦးနေလင်းအောင်က တိုက်တွန်းသည်။
“စည်းလုံးညီညွတ်မှုနဲ့အတူ မဟာမိတ်တွေနဲ့အတူ နိုင်လိုစိတ် ပြင်းပြရှိတယ်ဆိုရင် တကယ်နိုင်တယ်ဆိုတာ သက်သေပြသွားတာဖြစ်တယ်။ ဒါကြောင့်တနိုင်ငံလုံးမှာရှိတဲ့တော်လှန်ရေး ရဲဘော်ရဲဘက်တွေက ဒါကို ကျနော်တို့က သေသေချာချာမှတ်သားပြီးတော့ သေသေချာချာလေ့လာပြီးတော့ ဒီလိုတိုက်ပွဲဝင်မယ်ဆိုရင် တနိုင်ငံလုံးမှာ ရှိတဲ့ စစ်ကောင်စီ အားလုံးက များမကြာမီ ဒီ ၂၀၂၅ အတွင်းမှာ စစ်ကောင်စီက တနိုင်ငံလုံးမှာ ကင်းစင်ပြီး ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ဟာ အတူတကွ ရရှိမှာ ဖြစ်တယ်။တော်လှန်ရေးရဲ့တပ်ဦး တိုက်မောင်းသံပေးခဲ့တဲ့ မင်းတပ်မြို့ကြီးလွတ်မြောက်ပြီဖြစ်သည့်အတွက် များမကြာမီမှာ ကျနော်တို့ရဲ့တော်လှန်ရေး ရဲဘော်ရဲဘက်တွေကလည်း မြန်မာတနိုင်ငံလုံးက စစ်ကောင်စီ လက်အောက်ကနေ လွတ်မြောက်တော့မယ်ဆိုတဲ့ စိတ်နဲ့ တိုက်ပွဲဝင်ကြရအောင်” ဟု ဦးနေလင်းအောင်က ပြောသည်။
ဦးနေလင်းအောင်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌လည်း ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။