■ စစ်ကောင်စီတပ်သား ၁၇ဦး ထပ်မံဖမ်းမိ၊ လက်နက်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်းများသိမ်းရဟုဆို
ထားမြတ်/People’s Spring
ရက္ခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တားဆီးတိုက်ခိုက်ရာ လက်နက်ချသူများ ထွက်ပြေးသူများရှိပြီး လိုက်လံဖမ်းဆီးနေသည်ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho )က ယနေ့(ဒီဇင်ဘာ ၂၈ရက်)သတင်းထုတ်ပြန်သည်။
အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အား အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းအသီးသီးမှ စစ်ကြောင်းပျက် ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၉၀ ခန့်ပါဝင်သောစစ်ကြောင်း ၂ ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးတွင် ပိတ်ဆို့တားဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သားအချို့မှာ အသာတကြည် လက်နက်အပ်အလင်းဝင်သူများရှိခဲ့ပြီး တစ်ချို့မှာ စစ်ကြောင်းပျက် ခြေဦးတည်ရာ ထွက်ပြေးသွားကြကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွေ ရှင်းလင်းရာ ဒီဇင်ဘာ ၂၅ရက်မှ ၂၇ရက်ထိ သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ဟု အသိပေးသည်။
“လက်တလောတော့ အလင်းဝင်လာသူတွေရဲ့ ဖြေကြားမှုအရရော ဆက်စပ်စစ်ဆင်ရေး အခြေနေ အရရောနယ်မြေရှင်းလင်းရေးလည်း လုပ်ဆောင်နေဆဲမို့ ထုတ်ပြန်ချက်ထဲကပါတာလောက်ပဲ ပြည်သူကို အသိပေးလို့ ရပါသေးတယ်ဗျ”ဟု CDF အရှို တာဝန်ရှိသူက ပြောသည်။
အလင်းဝင်လာသော စစ်ကောင်စီတပ်သားများနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင်များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများ ဖော်ပြသည်။
ထုတ်ပြန်သည့်ဓာတ်ပုံများအရ လက်နက်ကြီး၊လက်နက်ငယ် အလက် ၃၀ကျော်၊ ခဲယမ်း၊ ကျည်များစွာ သိမ်းရထားသည်ကို တွေ့ရသည်။
ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေလျှက်ရှိပြီး ထပ်မံ၍ သတင်းထုတ်ပြန်ပေးသွားမည်ဟုလည်း အသိပေးထားသည်။
အာရက္ခတပ်တော်(AA၀အနေဖြင့် နပခ စစ်ဌာနချုပ်ကို ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ဒုတိုင်းမှူး အပါအဝင် အရာရှိစစ်သည်များစွာကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားသည်။