■ဒေသခံ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ
မကွေးတိုင်း၊ ကမ္မမြို့မှ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းသုံးကြောင်းကမြစ်ခြေမြို့နယ်မှ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံ သုံးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေကြသည်။
ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာကို ဒီဇင်ဘာလ၂၄ရက်တွင် မီးရှို့ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် မြစ်ခြေမြို့နယ်သို့ ဒီဇင်ဘာ လ၂၉ ရက်မှစ၍ ဝင်ရောက်လာခြင်းဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။
“ညောင်ဦးဘက်ကလာတဲ့စစ်ကြောင်း၊ ပခုက္ကူ၁၀၁က လာတဲ့ စစ်ကြောင်းနဲ့ ကမ္မဘက်က စစ်ကြောင်းတွေ ပေါင်းပြီး ရွာတွေကိုဝင်နေတာ။ ရွာတွေဘက်ကဒေသခံတွေကတော့ တိမ်းရှောင်နေကြတယ်။ မြို့ပေါ်ကပြည်သူတွေအနေနဲ့တော့ တော်တော်လေးသတိထားဖို့လိုတယ်” ဟု မြစ်ခြေမြို့မှ ကာကွယ်ရေးရဲဘော်တဦးကပြောသည်။
စစ်ကောင်စီစစစ်ကြောင်းသည် ဒီဇင်ဘာလ၂၄ရက်မှ ဇန်နဝါရီလ၂ရက်နေ့အထိ ကမ္မမြို့နယ် ချောင်းဂွရွာနှင့်ချိုင်ရွာ၊ မြစ်ခြေမြို့နယ်၊ အရှေ့စဘေ၊ အနောက်စဘေနှင့် အလယ်စဘေရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဇန်နဝါရီလ၃ရက်နေ့အထိ ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးဟု ဒေသခံများကပြောသည်။
စစ်ကောင်စီစစ်ကြောင်းများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ သုံးထောင်ကျော်ရှိနေသည်ဟု သတင်းရရှိသည်။
မြစ်ခြေမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမှတ်(၁)ရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီး ကလေးငယ်သုံးဦး အပါအဝင် ဒေသခံငါးဦးသေဆုံးခဲ့သည်။ လက်ရှိစစ်ကြောင်းထိုးနေစဉ်လည်း လက်နက်ကြီးများပစ်ခတ်မှုရှိနေ၍ ဒေသခံများ သတိထားနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။