People’s Spring
ဒီနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသူ ၊ အကျဉ်းသား ခြောက်ထောင်နီးပါး ကို လွှတ်ပေးမယ်လို့ ကြေညာလာပါတယ်။
အရေအတွက် အတိအကျအားဖြင့် အကျဉ်းသူ၊ အကျဉ်းသား ဦးရေ ၅,၈၆၄ ဦးကိုပြန်လွှတ်ပေးမှာပါ။
ပြန်လွှတ်ပေးမယ့် သူတွေထဲမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင် မှု ရှိ မရှိကို မသိရသေးပါဘူး။
ပြီးခဲ့တဲ့ လွတ်ငြိမ်းတွေမှာတော့ ရာဇဝတ်မှုနဲ့ထောင်ချခံရသူတွေ အများအပြားပါဝင်ပြီး နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးထောင်ချခံရသူဦးရေကလက်တစ်ဆုပ်စာသာ လွတ်မြောက်ခဲ့တာပါ။
ဒီနေ့ လွတ်ငြိမ်းမှာ ရန်ကုန်မြို့က အင်စိန်ထောင်ရှေ့ လာရောက်စောင့်ဆိုင်းကြသူတွေ အများအပြား ရှိနေပါတယ်။ လွတ်ငြိမ်းခွင့်ရမယ့်သူတွေကို သယ်ဆောင်လာမယ့် YBS ကားအဝါကြီးတွေကတော့ အင်းစိန်ထောင်ထဲ ဝင်ရောက်သွားတာတွေ့ရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၀၉၆ ဦးရှိပြီး အဲဒီအထဲက ၂၁,၄၉၉ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉, ၉၅၈ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က စာရင်းပြုစုထားပါတယ်။