ဟန်နွေ/People’s Spring
မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်ရင်းတစ်ခုဖြစ်သော ခမရ(၅၈၃)တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးသေဆုံးခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဒီဇင်ဘာ ၄ရက်) ထုတ်ပြန်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ (၃၃) ဒေါနတပ်ရင်းနှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များပူးပေါင်း၍ ဒီဇင်ဘာ ၃၁ရက်တွင် ရေးမြို့နယ်၊ကျောင်းကျေးရွာတွင် တပ်စွဲထားသော စစ်တပ်၏ ခမရ (၅၈၃)အတွင်းသို့ ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက်ခဲ့သည်ဟုလည်း အသိပေးသည်။
“ အခုထိတော့ နှစ်ဖက်ဆိုင်ထားတုန်းပါ။ ပြည်သူအများစုနေထိုင်တဲ့ ကျောက်မီးကျောင်းရွာထဲ ကျူံလောင်းရွာဟောင်းစာသင်ကျောင်းထဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွာတွေကို အကြောင်းမဲ့ပစ်ခတ်နေလို့ ကျနော်တို့ဒေါနတပ်ရင်းနှင့်ပူးပေါင်းမဟာမိတ်အဖွဲ့မှာ လက်နက်ကြီးအမြဲတမ်းပစ်နေတဲ့ခလရ (၅၈၃)တပ်ရင်းထဲကို ၆၀မမနဲ့သွားရောက်ပစ်ခတ်တာ”ဟု ဒေါနစစ်ကြောင်း၊ စစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဥ်(၆)သင်တန်းဆင်းများဖြင့် စစ်ကောင်စီတပ်ရင်းများကို အင်အားဖြည့်တင်းထားသည်ဟု ဒေါနစစ်ကြောင်း စစ်ကြောင်းမှူးက ပြောသည်။
ဒေါနစစ်ကြောင်းသည် မွန်၊ တနင်္သာရီဒေသတွင် အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် PDF တပ်ရင်းဖြစ်သည်။