Connect with us

Hi, what are you looking for?

သတင်း

7 EAO Alliance စုဖွဲ့မှုတွင် PNLO ၏အမည် အသုံးမပြုရန် ကြေညာ

စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးခြင်းမပြုသည့် ရပ်တည်ချက်အပြောင်းအလဲမရှိဟု ထပ်လောင်း အသိပေး

ဟန်နွေ/People’s Spring

အပစ်ရပ်လက်မှတ်ထိုးအဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့(PPST)အား ဖျက်သိမ်းပြီးနောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အပါအဝင် အပစ်ရပ်အဖွဲ့အချို့နှင့် စုဖွဲ့ထားသည့် 7 EAO Alliance တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)က ကိုယ်စားလှယ် ပါဝင်ခြင်းမရှိ၍ အဖွဲ့အမည်ကို ထည့်သွင်းအသုံးပြုခြင်းမပြုရန် PNLOက ယနေ့(ဇန်နဝါရီ ၁၆ရက်) ကြေညာချက် ထုတ်ပြန်သည်။

ယခု ဇန်နဝါရီအတွင်း ပြုလုပ်ခဲ့သည့် 7 EAO Alliance ၏ Online အစည်းအဝေးနှင့်ပတ်သက်ပြီး သတင်းဖော်ပြချက်အချို့တွင် 7 EAO Alliance အဖွဲ့ကို RCSS၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ဖြင့် ဖွဲ့စည်း ထားသည်ဟု ရေးသားခဲ့ခြင်းအပေါ် PNLOက ရှင်းလင်းချက်ထုတ်ပြန်ပြီး 7 EAO Allianceတွင် ပါဝင်ခြင်းမရှိကြောင်း ထပ်လောင်း အသိပေးသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည် NCA စာချုပ်ကို အခြေခံ၍နိုင်ငံရေးဆွေးနွေးရန် ဖွဲ့စည်းခဲ့သည့် ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ PPSTတွင် အဖွဲ့ဝင်အဖွဲ့အစည်း အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း 7 EAO Alliance တွင် အဖွဲ့ဝင်အဖွဲ့အစည်း အဖြစ် ပါဝင်ခဲ့ခြင်းမရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်ရှိ 7 EAO Allianceတွင် အစည်းအဝေးတက်ရောက်နေသည့် ဗိုလ်မှူးကြီးခွန်ဥက္ကာသည် PNLOမှ နှုတ်ထွက်ကြောင်း ကြေညာထားသူဖြစ်ပြီး အဖွဲ့ကလည်း နှုတ်ထွက်ခွင့်ပေးထားပြီးဖြစ်၍အဖွဲ့နှင့်မဆိုင်ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။

“ကျနော်တို့ မသိဘဲ ကျနော်တို့ အဖွဲ့ချုပ်နာမည်ကို အသုံးပြုတာကတော့ တော်လှန်ရေး အဖွဲ့အစည်းတွေအနေနဲ့ တဖွဲ့နဲ့တဖွဲ့ စည်းလုံးညီညွတ်မှုကို ချိန်ထိုးပြီးတော့မှ မသုံးသင့် မလုပ်သင့်တဲ့ ကိစ္စလို့ မှတ်ချက်ပြုချင်ပါတယ်”ဟု ၎င်းက ပြောသည်။

7 EAO Alliance သည် PPSTကို တရားဝင်ဖျက်သိမ်းပြီး PPST အဖွဲ့ဝင် အဖွဲ့စည်းများအားလုံး၏ သဘောတူညီချက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သော အဖွဲ့အစည်းမဟုတ်ကြောင်း PNLOက ထုတ်ပြန်ပြီး PPST နှင့် 7 EAO Alliance သည် မည်သို့မျှသက်ဆိုင်ခြင်း မရှိဟု ဖော်ပြသည်။

PNLO သည် PPST တွင် ပါဝင်ခဲ့သော်လည်း 7 EAO Alliance တွင် အဖွဲ့အစည်းအနေဖြင့် ပါဝင်နေခြင်းမရှိသကဲ့သို့ ကိုယ်စားလှယ် စေလွတ်ထားခြင်းလည်း မရှိကြောင်းကို PNLO လက်ရှိ ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန် က ၂ဝ၂၄ ခုနှစ် မတ်လ ကတည်းက ပြန်လည်ရှင်းလင်းထားပြီးဖြစ်သည်ဟုလည်း ထုတ်ပြန်သည်။

လက်ရှိကာလတွင် စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံသည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့တွင်လည်းကောင်း၊ 7 EAO Alliance တွင်လည်းကောင်း PNLO မှ ကိုယ်စားလှယ်ပေးပို့ စေလွတ်ထားခြင်း မရှိပါဟု PNLOက ယခင်ကတည်းက ကြေညာထားပြီးဖြစ်ရာ ရပ်တည်ချက် ပြောင်းလဲမှု မရှိဟု ထပ်လောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။

သတင်း

တော်လှန်ရေးဟာ ကာလကြာရှည်နေပြီး အဆုံးမသတ်နိုင်သေးတာဟာ စစ်အုပ်စုက တော်လှန်ရေးအင်အားစုတွေ မညီညွတ်အောင် ဖန်တီးနေတာကြောင့်ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားလိုက်ပြီး သမိုင်းသင်ခန်းစာ ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များ သေဆုံးထိခိုက်များပြားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

သတင်း

စစ်ကောင်စီသည် လက်အောက်ခံ ပြည်သူ့စစ် PNO နှင့်ပူးပေါင်းပြီး PNLA နယ်မြေအတွင်း ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့၍လည်းတိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသည်။