Connect with us

Hi, what are you looking for?

သတင်း

ဆီဆိုင်မြို့နယ်တိုက်ပွဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် သေဆုံးမှုများဟု ပအိုဝ်းတပ် PNLO ပြော

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များ သေဆုံးထိခိုက်များပြားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

စစ်ကောင်စီက ပအိုဝ်းဒေသ နောင်ထောဝ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - PNLA

ဟန်နွေ/People’s Spring

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များ သေဆုံးထိခိုက်များပြားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

စစ်ကောင်စီနှင့်စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့စစ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းတွင် နေ့စဥ်တိုက်ပွဲပြင်းထန်နေကြောင်း PNLO၏ တပ်ဖွဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၇ရက်တွင် စစ်ကောင်စီနှင့် စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်သည် စစ်ကြောင်းလေးကြောင်း အင်အား ၅၀၀ ကျော်ဖြင့် ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာ အနီးနှင့် ဖြီကျွတ်ရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာမှ တနေကုန် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားမှုအတွင်း ပင်ငိုကျေးရွာ၊နောင်ကျောကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်များဘက်မှ ၃၀ကျော် သေဆုံးပြီးနောက် ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ဖြီကျွတ် ကျေးရွာအနီးတွင်လည်း စစ်ကောင်စီနှင့်PNOပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ဖြီကျွတ်ရွာအနီး တောင်နှစ်လုံးကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့်ပြည်သူ့စစ်ဖက်မှ တောင်နှစ်လုံးကြားတောင်ယာထဲတွင် ၁၀၀ထက်မနည်း သေဆုံးခဲ့ကြောင်း PNLAက ဖော်ပြသည်။ PNLAက ထုတ်ပြန်သည် စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု အခြေအနေကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ပေ။

“တိုက်ပွဲအတွင်းမှာတော့ ထိုးစစ်ဆင်တဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အကျအဆုံးများပါတယ်။ PNO ပြည်သူ့စစ်ဘက်ကဆိုရင် ရွာသားတွေကို ရက်တိုသင်တန်းပေးပြီး စုစည်းထားတဲ့ အနေအထားဖြစ်တဲ့အတွက် အကျအဆုံးတွေက များတာဖြစ်ပါတယ်။ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတွေမှာ ဆိုရင် စစ်ကောင်စီက ၁၅ရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်း လောက်ပဲ သူတို့ကွပ်ကဲတဲ့အပိုင်းဆက်သွယ်တဲ့အပိုင်း အဲဒါတွေပဲ ယူပြီးတော့မှ အဓိက အင်အား ၈၀ ရာခိုင်နှုန်း ကျော်ကျော်လောက်ကို ပြည်သူ့စစ်အင်အားကို အသုံးပြုပြီး ထိုးစစ်ဆင်တာဖြစ်တဲ့အတွက် သူတို့ဘက်က အကျအဆုံးများပါတယ်” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်စစ်ကောင်စီလက်ပါးစေပြည်သူ့စစ်သည် စိတ်ကြွဆေးအသုံးပြုကာ စစ်တိုက်နေသည့် အနေအထားကိုတွေ့မြင်ရကြောင်း PNLAက ထုတ်ပြန်သည်။

“ရက်တိုသင်တန်းပေးပြီး အလှည့်ကျ ခေါ်တဲ့ ပအိုဝ်းရွာသားတွေကို စိတ်ကြွဆေးပုံစံမျိုး တိုက်ကျွေးပြီး အတင်းအကြပ် တက်ခိုင်းတဲ့ ပုံစံမျိုးတွေ့နေရတယ်။ အဲဒါကြောင့်လည်း မြေပြင်မှာ အသေအပျောက်တွေ အကျအဆုံးတွေများနေတာတွေ့နေရပါတယ်” ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က ဆီတိုင်မြို့နယ် ပြန်လည်စိုးမိုးရေး ဦးတည်ချက်ဖြင့် ထိုးစစ်ဆင်နေသည့် အနေအထားဖြစ်သည်ဟု၎င်းက ဆိုသည်။

“အဓိကတော့ စစ်ကောင်စီက ကွပ်ကဲတဲ့အပိုင်း ဆက်သွယ်ရေးပိုင်း၊ လေယာဉ်ပစ်ကူ၊ လက်နက်ကြီး ပစ်ကူပေးတဲ့အပိုင်းတွေမှာ လုပ်ဆောင်ပြီးတော့မှ မြေပြင်ထိုးတာကတော့ ပအိုဝ်းရွာသားတွေကို စုစည်းထားတဲ့ အတင်းအဓမ္မ စစ်သားကောက်ယူ ရက်တိုသင်တန်းပေးထားတဲ့ ပအိုဝ်းရွာသားတွေနဲ့ မြေပြင်မှာ ထိုးစစ်ဆင်ခိုင်းတာ” ဟု ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီနှင့်စစ်ကောင်စီ လက်ပါးစေ PNO ပြည်သူ့စစ်သည် ဖြီကျွတ်ကျေးရွာထဲတွင် တပ်စွဲကာ အင်အားပြန်လည်ဖြည့်တင်းနေလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ယနေ့ ဇန်နဝါရီလ ၁၈ရက်နံနက်တွင်လည်း စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ဆီဆိုင်မြို့နယ် ပအိုဝ်းကျေးရွာဖြစ်သည့် လွယ်ချယ်ကျေးရွာကို နှစ်ကြိမ်တိုင်တိုင် ဗုံးလေးလုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်နှင့်စစ်ကောင်စီလက်ပါးစေ PNOပြည်သူ့စစ်က လက်နက်ကြီးများ ဒရုန်းများ တိုက်လေယာဥ်များအသုံးပြုကာ ပအိုဝ်းကျေးရွာကို တိုက်ခိုက်နေခြင်းကြောင့် ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းပြည်သူ ထောင်နှင့်ချီပြီး တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း PNLAက အသိပေးသည်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့်PNOပြည်သူ့စစ်စစ်ကြောင်းအတွင်း အင်အားအများစုနှင့်သေဆုံးသူအများစုမှာ စစ်ကောင်စီလက်ပါးစေ PNOပြည်သူ့စစ်တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ပအိုဝ်းအချင်းချင်းသည် ရန်သူမဟုတ်ကြောင်း PNLAက ထုတ်ပြန်ခဲ့ပြီး တိုင်းပြည်ကိုဖျက်ဆီးနေသည့် စစ်အာဏာရှင်စနစ်သည်သာ တတိုင်းပြည်လုံး၏ ရန်သူဖြစ်ကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်ကြောင်းနဲ့ တော်လှန်ရေးတရပ်လုံးကိုယ်စားပြုနိုင်တဲ့ ခိုင်မာကျယ်ပြန့်အားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မယ်လို့ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)ရဲ့ ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးက ထုတ်ပြန်ကြေညာပါတယ်။