Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာသိမ်းမှု ၄နှစ်တာအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

ကုလလုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများက အလွန်အမင်း စိတ်ပျက်နေဟု ရှင်းလင်း

ဦး​ကျော်မိုးထွန်းက မီဒီယာများသို့ရှင်းလင်း​ပြောကြားစဥ်

အီယိုရီ/People’s Spring

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၄နှစ်ပြည့်တော့မည်ဖြစ်ရာ ပြီးခဲ့သော ၄နှစ်တာကာလအတွင်း မြန်မာပြည်သူများအတွက် နေ့ရက်တိုင်းသည် ကြေကွဲဖွယ်အတိဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်ကို ယမန်နေ့(ဇန်နဝါရီ ၃၀ရက်)တွင် ပြုလုပ်ခဲ့ရာ သံအမတ်ကြီးဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ၄နှစ်အတွင်း မြန်မာပြည်သူများသည် နေ့စဉ်ရက်ဆက် အကြောက်တရားအောက်တွင် အသက်ရှင် နေထိုင်လျက်ရှိပြီး မည်သူတစ်ဦးတစ်ယောက်မျှ လုံခြုံဘေးကင်းမှုကို မခံစားရကြောင်းရှင်းလင်းပြောကြားသည်။

၂၀၂၄ နိုဝင်ဘာက မြန်မာသံအမတ်ကြီးသည် ယခုရှင်းလင်းပြောကြားသည့်နေရာ၌ပင် နိုင်ငံတကာ အသိုက်အဝန်း၊ အထူးအားဖြင့် လုံခြုံရေးကောင်စီမှ ထိရောက်သည့် အရေးယူ ဆောင်ရွက်မှု မရှိသည့်အပေါ် မြန်မာပြည်သူများအနေဖြင့် အလွန်အမင်း စိတ်ပျက်နေရသည့်အခြေအနေကို တင်ပြခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုတစ်ကြိမ်တွင်လည်း အဆိုပါ အချက်ကိုပင် ထပ်လောင်း ပြောဆိုရမည်သာဖြစ်ပြီး မြန်မာပြည်သူများသည် အလွန်အမင်း အားမလိုအားမရ ဖြစ်နေရကြောင်း သံအမတ်ကြီးက ပြောသည်။

သို့သော်လည်း မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်သည်အထိ ချုပ်ငြိမ်းရေးကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်သာဖြစ်ပြီး ပြည်သူများက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြင့် မြန်မာနိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်နိုင်ရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်း သံအမတ်ကြီးက ရှင်းလင်းသည်။

ကုလသမဂ္ဂနှင့် အာဆီယံတို့အနေဖြင့် မြန်မာ့အကျပ်အတည်းအား မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ ရေရှည် တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အထောက်အပံ့ပေးသော အခန်းကဏ္ဍမှ ပါဝင်ရန် လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

မြန်မာပြည်သူများ၏ အသက်၊ အနာဂတ်ကို ကယ်တင်ပေးနိုင်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်တပ်မှ စီစဉ်လျက်ရှိသော အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန်၊ စစ်တပ်ထံသို့ လက်နက်များ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန်၊ စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီနှင့် အရပ်ဖက် စစ်ဖက် နှစ်မျိုးသုံးပစ္စည်းများ စီးဆင်းမှု ရပ်တန့်ရေး ဆောင်ရွက်ရန် အချက်များကို သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။

လုံခြုံရေးကောင်စီတွင် မြန်မာအရေးအတွက် အားထုတ်ကြိုးပမ်းပေး၍ အထက်ပါ ဆွေးနွေးမှု ဖြစ်ပေါ်စေရန် တောင်းဆိုပေးသည့် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးနှင့် Ambassador Kariuki တို့အား ကျေးဇူးတင်ရှိကြောင်း၊ မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ပေးရန် အချိန်ကုန်လွန်နေပြီဖြစ်ကာ ယခုအခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်ကို အထူးလိုအပ်ကြောင်း သံအမတ်ကြီးက ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးချိန် ကတည်းက စတင်လာတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ တစ် သိန်းကျော်လွန်သွားပြီလို့ မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။