နိုင်ငံကို စော်ကားတဲ့ အသုံးအနှုန်းနဲ့ ရည်ညွှန်းခဲ့တဲ့အတွက် အပြောအဆို သတိထား ဆင်ခြင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးကို မြောက်ကိုရီးယားက တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက အင်တာဗျူး တစ်ခုမှာ မြောက်ကိုရီးယားကို ဆိုးသွမ်းနိုင်ငံ (rogue state) တစ်ခုလို့ သုံးနှုန်းခဲ့တဲ့နောက် မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ဖေဖော်ဝါရီ ၃ ရက်မှာ တုံ့ပြန် သတိပေးခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ ရန်စမှု မှန်သမျှကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်တယ်လို့လည်း KCNAက ဖော်ပြခဲ့ပါတယ်။
ဒါဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထရမ့်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့နောက်ပိုင်း အမေရိကန် အစိုးရသစ်အပေါ် မြောက်ကိုရီးယားဖက်က ပထမဆုံးအကြိမ် တင်းမာပြတ်သားတဲ့ သဘောထားမျိုး ထုတ်ပြလာတာ ဖြစ်ပါတယ်။

Public Service Announcement
မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်ရဲ့ ဒုံးကျည် ကာကွယ်ရေး နည်းပညာ ချဲ့ထွင်မှု အစီအမံ တစ်ရပ်ကိုလည်း ဝေဖန်ခဲ့ပြီး လိုအပ်လာရင် မြောက်ကိုရီးယားကလည်း စစ်ရေး နည်းပညာတွေကို ကိုယ်တိုင် ချဲ့ထွင်သွားမယ်လို့ သဘောထား ထုတ်ပြန်ထားကြောင်း KCNAက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်ဟာ အမေရိကန်မူပိုင် သံကွန်ချာ ဒုံးကျည်စနစ်သစ် တစ်ခု အကောင်အထည်ဖော်ဖို့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီ အမိန့်ရဲ့ ရည်ရွယ်ချက်ကတော့ မျိုးဆက်သစ် နည်းပညာမြင့် အမေရိကန် ဒုံးကျည် ကာကွယ်ရေး ဒိုင်းစနစ် တစ်ခုကို တည်ဆောက်ပြီး တိုက်ချင်းပစ် ဒုံးကျည်တွေ၊ ဟိုက်ပါဆောနစ် မြန်နှုန်းမြင့် ဒုံးကျည်တွေ၊ ခရုစ်ဒုံးကျည်တွေနဲ့ တခြား ခေတ်မီ စစ်လက်နက်တွေ အသုံးပြု တိုက်ခိုက်လာတာကို တန်ပြန် ဟန့်တားဖို့ ဖြစ်ပါတယ်။
ဒုံးကျည် ကာကွယ်ရေး စနစ်သစ်တစ်ခု ဖြန့်ကျက်မယ်ဆိုတဲ့ အတွေးအခေါ်ဟာ စစ်အေးခေတ် သဘောတရား ဆန်လွန်းပြီး အမေရိကန်ရဲ့ လက်နက် ချဲ့ထွင်တပ်ဆင်ချင်တဲ့ ပကတိ သဘောထားကို ပြိုင်ဘက် နိုင်ငံတွေဆီ ခြိမ်းခြောက်မှုကြောင့်လို့ အကြောင်းပြချက်ပေး ခေါင်းစဉ် တပ်ထားတာသာ ဖြစ်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။
ကမ္ဘာ့အခင်းအကျင်းတွေက လျင်လျင်မြန်မြန်နဲ့ ကြမ်းကြမ်းတမ်းတမ်း ပြောင်းလဲနေတဲ့ အချိန်မှာ မြောက်ကိုရီးယားဟာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေး စစ်လက်နက် စွမ်းရည်ကို နျူကလီးယား လက်နက် နည်းပညာပေါ် အခြေပြုပြီး စဉ်ဆက်မပြတ် မြှင့်တင်ဖို့ လိုလာကြောင်းလည်း KCNAက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနဖက်က မှတ်ချက်ကို ကိုးကားပြီး ဖော်ပြသွားခဲ့ပါတယ်။
ကိုးကား: Reuters
