Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု KIO ဥက္ကဋ္ဌ အသိပေးတော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်း ကူညီရန်၊ ညီညွတ်ရန် နှိုးဆော်

ပွဲဝင်သွားမည်ဖြစ်ကြောင်း အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့(​ဖေ​ဖော်ဝါရီ ၅) ကျရောက်သည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ​ပြောကြားခဲ့သည်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ။ ဓါတ်ပုံ-လိုင်ဇာ TV Screenshot

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက်တိုက်

ပွဲဝင်သွားမည်ဖြစ်ကြောင်း အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ယနေ့(​ဖေ​ဖော်ဝါရီ ၅) ကျရောက်သည့် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်း၌ ​ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၅ရက်တွင် ကျရောက်သည့် ၆၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ တွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ကချင်ဘာသာဖြင့်မိန့်ခွန်းပြောကြားခဲ့ရာ KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဥက္ကဋ္ဌ မိန့်ခွန်းကို ဘာသာပြန်ရှင်းပြပေးခဲ့သည်။

Public Service Announcement

Public Service Announcement

KIO/KIA အနေဖြင့် ရသင့်ရထိုက်သည့် နိုင်ငံရေးအခွင့်အရေးရရှိရန် တောင်းဆို၊ တိုင်ပင်၊ ညှိနှိုင်းသည့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးသည့် အကြိမ်ပေါင်းများစွာ ရှိခဲ့သော်လည်း မရခဲ့၍ လက်နက်ကိုင်သည့်အဆင့်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

“ကျနော်တို့ KIO တွေဟာ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အခြားတော်လှန်ရေး အဖွဲ့အစည်းတွေများကိုလည်းကူညီပံ့ပိုးခဲ့တဲ့လက်တွဲလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေလည်း အများကြီး လုပ်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ အဲဒါက ကျနော်တို့ရဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အချင်းချင်း ကူညီပံ့ပိုးခဲ့တဲ့အရာတွေဖြစ်ပါတယ်တဲ့။ သူများရဲ့ နယ်မြေတွေ ကို လိုချင်လို့ အကျိုးအမြတ်ကို လိုချင်လို့ အခုလိုမျိုးကူညီပံ့ပိုးတာမဟုတ်ဘူး။ အားလုံးရဲ့ဘုံရန်သူဖြစ်နေတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကူညီပံ့ပိုးကြတာပဲဖြစ်ပါတယ်လို့ ဒါလည်းတချက်ပါပါတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ဥက္ကဋ္ဌ၏ မိန့်ခွန်းကို ဘာသာပြန်ရှင်းပြပေးသည်။

KIO အနေဖြင့်လည်း အခြားသော တော်လှန်ရေးအဖွဲ့များနှင့်အတူ တိုက်ပွဲများ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း KIO ဥက္ကဋ္ဌက ပြောကြားပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတွက် အားလုံးစည်းလုံးညီညွတ်စွာဖြင့် တိုက်ပွဲများဆက်လက်ဖော်ဆောင်သွားကြရမည်ဟု နှိုးဆော်ခဲ့သည်။

“အခုအချိန်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအင်မတန်အရေးကြီးတဲ့ကျနော်တို့ရဲ့ဘုံရည်မှန်းချက်ဖြစ်ပါတယ်။ဒါကြောင့်အားလုံးဟာ စည်းစည်းလုံးလုံးညီညွတ်ကြဖို့ အချင်းချင်း ကူညီလက်တွဲနေကြဖို့ အရေးကြီးတဲ့အချိန်အခါဖြစ်ကြောင်း အဲဒီအချက်လည်းပါပါတယ်။”ဟု ဗိုလ်မှူးကြီးနော်ဘူက ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ပြောကြားချက်ကို ရှင်းပြသည်။

KIO ဥက္ကဋ္ဌ၏ မိန့်ခွန်း၌ စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များသို့ ပြောကြားသည့် သတင်းစကားကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

“နိုင်ငံ့အာဏာကိုအသုံးပြုပြီးမှစစ်မြေပြင်မှာငြိမ်းချမ်းရေးရှာဖွေခြင်းမပြုဘဲနဲ့ မိမိရရှိထားတဲ့ အာဏာတွေကို စစ်မှန်ပြီး တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက်သာ အသုံးပြုရန် အကြံပြုလိုပါကြောင်းဆိုတဲ့အချက်လည်း ပါပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဥက္ကဋ္ဌ မိန့်ခွန်းပါအချက်ကို ရှင်းလင်းပြောပြသည်။

ထိုသို့ ပြောကြားချက်မှာ မတရားသိမ်းယူထားသည့် အာဏာကို ပြည်သူ့ထံ ပြန်ပေးရန် KIO ဥက္ကဋ္ဌက စစ်ခေါင်းဆောင်များအား သတင်းစကားပေးခြင်းဖြစ်သည်ဟုယူဆကြောင်း ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က သုံးသပ်သည်။

“မတရားသိမ်းယူထားတဲ့အာဏာတွေကို ပြည်သူ့လက်ထဲကို ပြည်သူလူထုထံကို ပြန်လည်လွှဲအပ်ပေးဖို့လက်နက်ကိုင်စစ်တပ်တွေ စစ်တန်းလျားပြန်ဖို့ နိုင်ငံရေးကနေ စစ်အာဏာရှင် စစ်တပ်ကနေ နောက်ဆုတ်သွားဖို့ အဓိက ပြောချင်တယ်လို့ အဲဒီလို သုံးသပ်မိပါတယ်။” ဟု ဦးဇော်ဆန်က သူ၏အမြင်ကိုပြောသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့ဘက် ရပ်တည်ရန်လိုအပ်ကြောင်း သတိပေးခဲ့သည်။

“အရေးကြီးမယ်လို့ ထင်တဲ့ အချက်တချက်ကတော့ နိုင်ငံရေးပါတီများကို သတိပေးလိုတဲ့အ

ကြောင်းပါပါတယ်။ ကိုယ့်ရဲ့ ပြည်သူလူထုဘက်ကို မရပ်တည်ဘဲနဲ့ စစ်အာဏာရှင် စစ်တပ်ဘက်ကိုပဲ ရပ်တည်နေတဲ့ နိုင်ငံရေးပါတီ မဖြစ်စေလိုကြောင်း၊ ပြည်သူလူထုဘက် ရပ်တည်ရန် လိုအပ်မှာ ဖြစ်ကြောင်းဆိုတဲ့ အချက်တွေပါပါတယ်။ ဒါက နိုင်ငံရေးပါတီတွေကို သတိပေးတဲ့ အချက်ဖြစ်မှာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

KIO ဗဟိုကော်မတီသည် နောင်လာနောင်သာ မျိုးဆက်သစ်များအား စစ်ရေးအမွေအနှစ်လက်ဆင့်ပေးသွားရန်မရှိဘဲ တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အမွေအနှစ်ကိုသာ ပေးထားနိုင်ရေး ကြိုးစားနေကြောင်းKIO ဥက္ကဋ္ဌကအသိပေးခဲ့သည်။

“ပြည်သူလူထုတွေကိုမှာလိုက်တဲ့အချက်တချက်ပါပါတယ်။အဲဒါကတော့ ကျနော်တို့ KIO ရဲ့ မူပေါ်လစီအပေါ်မှာ ပြည်သူလူထုအနေနဲ့ ယုံကြည်ချက် မယိမ်းမယိုင်ဘဲနဲ့ ခံယူချက်အပြည့်နဲ့ အာဏာရှင်တော်လှန်ရေးကို ပါဝင်ကြဖို့ အားလုံးသမိုင်းပေးတာဝန်ကို ပါဝင်ကြဖို့ ပြည်သူလူထုနဲ့ လူငယ်တွေကို တိုက်တွန်းအားပေးတဲ့အချက်တွေလည်းပါပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် ရှမ်းမြောက်ဘက် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ အချင်းချင်းအကြား နယ်မြေဆိုင်ရာ နှင့်ပတ်သက်သည့် အငြင်းပွားမှု ကိစ္စမကြာခဏ ဖြစ်ပေါ်နေမှုအကြောင်းကိုလည်း KIO ဥက္ကဋ္ဌက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်ဟုဆိုသည်။

“နယ်မြေကို လက်နက်နဲ့ ကိုယ်ကြိုက်သလိုတိုက်ယူလို့ မရဘူး။ နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးပြီး ဒေသခံ ပြည်သူလူထုရဲ့ ထောက်ခံမှုဖြင့်သာ အသိအမှတ် ပြုယူရမှာ ဖြစ်ပါတယ်ဆိုတဲ့အကြောင်းတွေပါပါတယ်။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမယ့် ညီလာခံ မရောက်ခင်မှာ မရှိခင်မှာ ကိုယ်ကြိုက်သလိုသတ်မှတ်ယူတဲ့ ဆန္ဒတွေမရှိဖို့ အချင်းချင်းညှိနှိုင်းဖို့တန်ဖိုးထားကြဖို့လိုတဲ့အ

ကြောင်းတွေလည်း ပါပါတယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

လတ်တလော ရှမ်းမြောက်တွင် KIO/KIAနှင့် PSLF/TNLA တအာင်းတပ်အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ခဲ့ရာ မြေပြင်တပ်မှူးများ အချင်းချင်းတွေ့ဆုံညှိနှိုင်းထား၍ လတ်တလော ပြေလည်မှုရရှိထားသည်။

ရှမ်းမြောက်၌ ဖြစ်နေသည့် နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းနိုင်ရန်မှာ ကြာမြင့်မည်ဟု ယူဆကြောင်း ဦးဇော်ဆန်က သုံးသပ်သည်။

“လက်ရှိ ရှမ်းမြောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအချင်းချင်းအကြားမှာ နယ်မြေအငြင်းပွားမှု ကိစ္စရပ်တွေ ဒီအချိန်မှာ မဖြစ်ပွားတာ အကောင်းဆုံးပဲ။ စစ်ကောင်စီ အမြစ်ပြတ် ဖြုတ်ချပြီးတဲ့နောက်ပိုင်းမှာမှ လက်နက်ကိုင်အဖွဲ့တွေပဲ မဟုတ်ဘဲ ဒေသတွင်းမှာ ရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ စာပေယဉ်ကျေးမှုအဖွဲ့တွေ၊ ဘာသာရေးခေါင်းဆောင်တွေ သမိုင်းကို သိရှိထားတဲ့သူတွေ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေအားလုံးသာတူညီမျှ အားလုံးကို တရားဝင်ဖိတ်ကြားပြီးမှ တွေ့ဆုံဆွေးနွေးအဖြေရှာတာအကောင်းဆုံးပါပဲ” ဟု ဦးဇော်ဆန်က ပြောသည်။

လက်ရှိအချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များအချင်းချင်းကြား နယ်မြေအငြင်းပွားမှု ဖြစ်လေ စစ်ကောင်စီက သဘောကျလေဖြစ်ပြီး စစ်ကောင်စီအတွက် အားသာချက်ဖြစ်သွားနိုင်သည်ကို နိုင်ငံရေးအမြင်ကြီးမားစွာ ထားရှိပြီး ပြဿနာများမဖြစ်အောင် ထိန်းသိမ်းသွားရန်လိုအပ်သည်ဟု ဦးဇော်ဆန်က တိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်များအား တိုက်တွန်းသည်။

KIO ၏ မူ​ပေါ်လစီ​ပေါ်တွင် ပြည်သူလူထုအ​နေဖြင့်ယုံကြည်ချက် မယိမ်းမယိုင်ဘဲနဲ့ ခံယူချက်အပြည့်ဖြင့် အာဏာရှင်​တော်လှန်​ရေးကို ပါဝင်ကြရန်အားလုံးသမိုင်း​ပေးတာဝန်ကို ပါဝင်ကြရန်ပြည်သူလူထုနှင့် လူငယ်များကိုတိုက်တွန်းခံ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်တို့က စစ်သားစုဆောင်းမှုကို နည်းမျိုးစုံဖြင့်ပြုလုပ်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့အခြေစိုက် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အား အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်လျက်ရှိရာ ကာကင်းအချို့ကို ယနေ့(မတ်လ ၁၀ရက်)တွင် သိမ်းပိုက်နိုင်သည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် မြို့အပြီးသတ်သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(မတ်လ ၇ရက်)နံနက်တွင် ထပ်မံထိုးစစ် ဆင်လျက်ရှိကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။