■ပန်းလှိုင် ၊မြတ်ချယ်ရီ၊မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက် ၊ လန်ဒန်၊ ဇီဝက၊ ငြိမ်းချမ်း ဆေးရုံတွေပိတ်သိမ်းခံရတာဖြစ်
■CDM ဆရာဝန်ခန့်တယ်၊ ဒဏ်ရာရလူနာကုတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖိအားပေးပိတ်ခိုင်းသလို ၊အခွန်တွေတိုးကောက်လို့မပေးနိုင်တာကြောင့်အပိတ်ခံရ
ရှိန်း / People’s Spring
မန္တလေးမြို့က ပန်းလှိုင်ဆေးရုံအပါအဝင် နာမည်ရ ပုဂ္ဂလိက ဆေးရုံ ၇ ရုံကို စစ်ကောင်စီက ပိတ်သိမ်းခိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေကပြောပါတယ်။

Public Service Announcement
ပန်းလှိုင်ဆေးရုံ၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ လန်ဒန်၊ ဇီဝက၊ငြိမ်းချမ်း ဆေးရုံတွေ ပိတ်သိမ်းခံရတာလို့သိရပါတယ်။
အဲဒီအထဲက ပြည်ကြီးတံခွန်မြို့နယ်က လန်ဒန်ဆေးရုံဟာပြည်သူတွေအားထားရတဲ့ဆေးရုံဖြစ်ပါတယ်။ CDM ဆရာဝန်တွေကိုအလုပ်ခန့်တယ် ၊ဒဏ်ရာရလူနာတွေကိုဆေးကုပေးတယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့စစ်တပ်ကမကြာခဏဝင်ရောက်စီးနင်းရှာဖွေခံရတဲ့ဆေးရုံဖြစ်ပါတယ်။
ပြီးခဲ့တဲ့တပတ်ကျော်လောက်ကမန္တလေးမြိုကဆေးရုံတွေကိုစစ်ကောင်စီတပ်တွေညဘက်တွေမှာဝင်ရောက်စီးနင်းတာတွေလုပ်ခဲ့ပြီး ယခုလိုဆေးရုံတွေပိတ်သိမ်းခံရတာလို့ နီးစပ်သူတွေကပြောပါတယ်။
“CDMဆရာဝန်တွေကို ဝင်စစ်တာ။ဒဏ်ရာရတဲ့ပြည်သူတွေကိုကုပေးတဲ့နေရာမှာ နယ်ဘက်ကပြည်သူတွေဆိုရင်စစ်တပ်က မသင်္ကာတော့ ပိတ်သိမ်းတာလို့ကြားတယ်။တချို့ဆေးရုံတွေကတော့ အခွန်တွေမတန်တဆတောင်းတော့မပေးနိုင်တာလို့ကြားတယ် “လို့ နီးစပ်သူတွေကပြောပါတယ်။
ဆေးရုံတွေကိုပြီးခဲ့တဲ့တပတ်အတွင်းမှာ ပိတ်သိမ်းခဲ့လို့သိရပြီး ဘယ်လောက်အကြာပိတ်သိမ်းမယ်ဆိုတာတော့ မသိရသေးပါဘူး။
၂၀၂၃ခုနှစ်ဇန်နဝါရီလကလည်း CDMဆရာဝန်များကိုလက်ခံတယ်ဆိုတဲ့အကြောင်းပြချက်နဲ့မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ၅ရုံဖြစ်တဲ့နန်းတော်ဆေးရုံ၊မြို့တော်ဆေးရုံ၊ကံ့ကော်ဆေးရုံ၊စိန်ပန်းဆေးရုံ၊ထက်နေလင်းဆေးရုံတို့ကိုလည်း၅လပိတ်သိမ်းကာ ဆေးခန်းပိုင်ရှင်တချို့ကိုလည်းဖမ်းဆီးခဲ့ပါသေးတယ်။
၂၀၂၁ခုနှစ်ထဲမှာလည်း နာမည်ကြီးကင်ဆာရောဂါကုဆေးခန်းကို ချိတ်ပိတ်ကာစစ်ကောင်စီက ဆေးပစ္စည်းတွေလုယက်ယူဆောင်ခဲ့သလို ဆရာဝန်တွေကိုဖမ်းဆီးခဲ့တာမို့လူနာတွေသေဆုံးတာတွေလည်း ရှိခဲ့သေးတယ်လို့သိရပါတယ်။
