ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ကျေးရွာအတွင်းလာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ယင်းကျေးရွာအား မီးရှို့ဖျက်ဆီး၍ နေအိမ် ၄၀ကျော်နှင့် ဘုန်းတော်ကြီးကျောင်းမီးလောင်ပြာကျသွားကြောင်း ပြည်ခရိုင် PDFတပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
ဖေဖော်ဝါရီ ၁၁ရက် နံနက် ၁၁နာရီခန့်က ပေါင်းတည်နယ်၊ သစ်ပုတ်ကျေးရွာ၌ အင်အား ၅၀ခန့်ဖြင့် လာရောက်တပ်စွဲထားသော တပ်မ(၆၆) လက်အောက်ခံ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များအကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ၎င်းတာဝန်ခံက ပြောသည်။
“မနေ့ကတော့ (နေအိမ်) ၄၀လောက်ပါသွားတာပေါ့။ ဒီနေ့(ဖေဖော်ဝါရီလ ၁၂ရက်)ထပ်ရှို့သေးတယ်။ (ပျက်စီးနေအိမ်)အဲဒါတော့ မသိရသေးဘူး”ဟု တပ်ရင်း(၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
အဆိုပါ သစ်ပုတ်ကျေးရွာရှိ ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်ထားသည့်နေရာ၌ စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲထားသည်မှာ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကတည်းကဖြစ်ပြီး သစ်ပုတ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။
ထို့နောက် စစ်ကောင်စီတပ်အထိုင်စခန်းကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်ခြင်း၊ ထောက်ပို့ယာဥ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်းများခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသခံများကို ရန်ပြုလာရာ ပြီးခဲ့သည့် ၂၀၂၄ သြဂုတ်မှစ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် တွင်လည်း ဖေဖော်ဝါရီ ၄ ရက်က ပဲခူးရိုးမအစပ်ရှိ ကျေးရွာများသို့ ကားနှစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ပြီးနောက် အထိနာသွားသည့်စစ်တပ်က တိုက်ပွဲဖြစ်ပွားရာအနီးစင်မြင့်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့သေးသည်။
