■ရခိုင် ၊ကရင်နီ ၊မွန် ပြည်နယ်တို့တွင်လည်းလေကြောင်းတိုက်ခိုက်ခံရ
အိမ်သွင်/People’s Spring
တရုတ်နှင့် ထိုင်းက ဦးဆောင်ပြီး မြန်မာ-ထိုင်းနယ်စပ်မှ ကျားဖြန့်နှိမ့်နင်းရေးကို နိုင်ငံတကာနှင့် လူထုက အာရုံစိုက်နေစဉ် စစ်ကောင်စီက အညာဒေသကို လေကြောင်းတိုက်ခိုက်မှုများပြင်းပြင်းထန်ထန်ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။
“ကျားဖြန့် သတင်းကဖုံးလွှမ်းနေချိန်မှာ အညာကို ကြေအောင်လုပ်နေတာ။ Y12နဲ့ ပစ်လိုက်။ ပြီးရင် ဂျက်ဖိုက်တာနဲ့ လာပစ်လိုက်နဲ့။ မနေ့ညက အဆိုးဆုံးပဲ။ ဒီမနက်လည်း လာပစ်နေတယ်” ဟု ကလေးမြို့မ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ဖေဖော်ဝါရီ ၁၁ ရက်နေ့ညက စစ်ကိုင်းတိုင်းရှိ ကလေးမြို့နယ်၊ မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီက လေကြာင်းမှ ဗုံးကြဲခဲ့ပြီး လက်နက်ကြီးများလည်းပစ်ခတ်ခဲ့သည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ခင်းပိုင်း ရရှိသော သတင်းများအရ မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်တွင် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူ ၂၀ ကျော်သည်ဟု ဒေသခံများကပြောသည်။
” Y12နဲ့ကို ဗုံးအလုံးရေရာချီပြီးပစ်တာ။တိုက်ခိုက်မှုကအရှိန် သိသိသာသာမြှင့်လာတယ်”ဟု ယင်းမာပင်ခရိုင်မှ ကာကွယ်ရေးရဲဘော်တစ်ဦးပြောသည်။
ကလေးမြို့တွင်လည်း ကျေးရွာဆေးပေးခန်းတခုကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီကလေကြောင်းမှတိုက်ခိုက်ခဲ့သည်။
“တောင်ပိုင်းကို ထပ်ပစ်တာ။ပထမတစ်ခါပစ်လို့ နေရာပြောင်းပြီးဖွင့်ထားတဲ့ ဆေးခန်းကို ထပ်ပစ်သွားတာ။ အရပ်သားထိခိုက်တယ်တော့မကြားမိသေးဘူး။ဆေးခန်းကတော့ပျက်စီးသွားပါတယ်” ဟု ကလေးမြို့ခံတစ်ဦးကပြောသည်။
ကလေးမြို့နယ် တောင်ပိုင်းကို စစ်ကောင်စီက ၂၀၂၄ ဇန်နဝါရီလ ၃၁ရက်နှင့်ဖေဖော်ဝါရီလ ၂ရက်နေ့၌လေကြောင်းမှတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၉ ဦးသေဆုံးခဲ့သည်။
ထိုအပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၏အရှေ့တောင်ဘက်ရှိ ကျောက်ပြင်ကန်ရွာနှင့် ဂျိုးကန်ကျေးရွာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့မနက်ပိုင်းတွင် လေယာဥ်နဲ့ဗုံးကြဲသလို မြေပြင်မှ စစ်ကြောင်းထိုး အကြမ်းဖက်ခဲ့သည်။
“ဂျိုးကန်ရွာကို မနေ့ညကစစ်ကြောင်းဝင်ပြီးတဲ့နောက်တိုက်ပွဲဖြစ်တာလို့ ပြောတယ်။လေယာဥ်ကြဲတာ မီးခိုးလုံးတွေပါမြင်နေရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အဆိုပါဒေသ၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်စစ်ကြောင်းအထိနာပြီးနောက် နောက် ၄ က်အကြာတွင် လေကြောင်းမှတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူအချို့ကပြောသည်။
မြန်မာ-ထိုင်းနယ်စပ်မှ ကျားဖြန့်ငွေလိမ်လုပ်ငန်းများကို နှိမ်နင်းမည်ဟုဆိုကာ တရုတ်နှင့်ထိုင်းအစိုးရက ပြီးခဲ့သည့်ဇန်နဝါရီလဆန်းမှစ၍ အရှိန်မြှင့်လုပ်ဆောင်နေသည်။ မြန်မာ့ဘက်ခြမ်းရှိ နေရာ ၅ ခုကို လျှပ်စစ်မီးဖြတ်တောက်ပြီး စက်သုံးဆီနှင့် နည်းပညာဆိုင်ရာပစ္စည်းများတင်သွင်းခွင့်လည်းပိတ်ပင်ထားသည်။ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်ကြားစောင့်တပ်(BGF)ခေါင်းဆောင်များကိုလည်း ဖမ်းဝရမ်းထုတ်ရန် စီစဥ်ခဲ့ပြီးနောက်ပြန်လည်ရပ်ထားသည်ဟု သတင်းများဖြန့်ခဲ့ကြသည်။ စစ်ကောာင်စီနှင့် BGF ၊ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကလည်း ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟုအပြိုင်ထုတ်ပြန်ခဲ့သည်။
ထိုနောက် BGF နှင့် DKBA မှာ ကျားဖြန့်လုပ်ငန်းများတွင် ပိတ်လှောင်ခံထားရသော ရာနှင့်ချီသည့်နိုင်ငံခြားသားများကို ပြန်လွှတ်ပေးနေသည်ဟု ဆက်တိုက်သတင်းထုတ်ခဲ့သည်။ အဆိုပါသတင်းများသည် ယခုရက်ပိုင်း၌ ပြည်တွင်းရော၊ ပြည်ပတွင်ပါ စိတ်ဝင်စားမှုမြင့်တက်နေသည်။ထိုအခြေအနေကို အသုံးချ၍ စစ်ကောင်စီက အညာဒေသတွင် စစ်ရာဇဝတ်မှုကျူးလွန်နေသည်ဟု စစ်ကိုင်းနှင့်မကွေးတိုင်းမှပြည်သူအချို့ကပြောသည်။
“အခြေအနေကတော်တော်ဆိုးနေတာ။ အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ကို လေကြောင်းသုံးနေသလိုတာ” ဟု ဆာလင်းကြီးမြို့မှဒေသခံတစ်ဦးကပြောသည်။
ဆားလင်းကြီးမြို့အနီးရှိကနီမြို့ကိုလည်း စစ်တပ်က ဖေဖော်ဝါရီလ ၇ ရက် နှင့် ၁၁ ရက်နေ့တွင် စစ်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သားသုံးဦးသေဆုံးခဲ့သည်။ ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။
ဆားလင်းကြီးမြို့နယ်မှ တော်လှန်ရေးအင်အားစုများကလည်း ဒေသခံများအနေဖြင့် လေကြောင်းနှင့်စက်တပ်လေထီး(Paramotor)တိုက်ခိုက်မှုအန္တရာယ်ကို သတိပြုရန် ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည်ဖေဖော်ဝါရီ ၁၂ရက်နှင့် ဖေဖော်ဝါရီ၁၃ရက်တို့တွင်စလင်း၊ဂွ၊မုံရွာ၊ချောင်းဦး၊ဆားလင်းကြီး ၊မတ္တရာ၊ရေစကြို၊နွာထိုးကြီး၊ ညောင်ဦးနှင့် ကနီမြို့နယ်တို့တွင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
■ကျိန္တလီမြို့ကို လည်း ဗုံးကြဲ
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊အမှတ် (၁)ရပ်ကွက်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ရက်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးသုံးလုံးချတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ဂွမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” လေကြောင်းတိုက်ခိုက်မှုကတော့ ကလေးငယ်တစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်သေတယ်။ ဒဏ်ရာရသူလည်းရှိတယ်ဗျ”ဟု အဆိုပါသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ကျိန္တလီမြို့၊ အမှတ် (၂)ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးခဲ့သည်။
■ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းကိုစစ်ကောင်စီ ဗုံးကြဲ
ထိုအပြင်ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ဒေါရောက်ခူကျေးရွာအနီးရှိစာသင်ကျောင်းကို စစ်ကောင်စီကဖေဖော်ဝါရီ ၁၃ ရက်မွန်းလွဲ ၂ နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာစာသင်ကျောင်းနှင့် အဆောက်အဦးသုံးလုံမှာ အလုံးစုံနီးပါးပျက်စီးခဲသည်။
ပစ်မှတ်ထားဗုံးကြဲခံရသည့် စာသင်ကျောင်း၌ ကလေးများမှာကျောင်းပိတ်ထား၍ လွတ်မြောက်ခဲ့သည်ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက အသိပေးသည်။
“ဒီနေ့ ကလေးတွေကို ကျောင်းပိတ်ထားလို့ တော်သေးတာပေါ့ဗျာ။မဟုတ်ရင် မတွေးရဲစရာပဲ။စကစအကြမ်းဖက်တော့ ရွေးပြီးတော့ကို ပြည်သူတွေ ကလေးတွေကို ရက်စက်ယုတ်မာနေကြတာပဲ”ဟု ၎င်းက ပြောသည်။
■ကျိုက်ထို နှင့် ဘီးလင်းမြို့နယ်ရှိကျေးရွာများလည်းဗုံးကြဲခံရ
အလားတူ မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများသို့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တိုက်ပွဲမရှိဘဲ ဗုံးကြဲ၍ အနည်းဆုံးပြည်သူ ၃ဦး သေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်
ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်ကျေးရွာဝန်းကျင်သို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်မနက်တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ဦးကျော် ထိမှန်ပြီး ၃ဦး သေဆုံးခဲ့သည်။
ထို့ပြင် ကျိုက်ထိုမြို့နယ် ကော်ကာကျေးရွာလည်း လေကြောင်း တိုက်ခိုက်ခဲ့ပြီး ဘီးလင်းမြို့နယ် တဂေးလောင်းချောင်းဖျားကျေးရွာကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့သည်။လေ
ကြောင်း တိုက်ခိုက်မှုများကြောင့် အပျက်အစီးအများအပြားနှင့်ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးမှုများ ရှိခဲ့သည်ဟုဆိုသည်။
ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းတွင် ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာအုပ်စု တဂေးလောင်းချောင်းဖျားရွာ ကို လေကြောင်းတိုက်ခိုက်ခဲ့ရာ တဂေးလောင်းချောင်းဖျားကျေးရွာခရစ်ယာန်ဘုရားကျောင်းဝန်းအတွင်းသို့ (၁)လုံး၊ တဂေးလောင်းချောင်းဖျားကျေးရွာထဲ ၁လုံး ကျရောက်ပေါက်ကွဲပြီး ခရစ်ယာန်ဘုရားကျောင်း (၁)လုံးနှင့် နေအိမ် ၁၇လုံးပျက်စီးခဲ့သည်ဟုKNU က အသိပေးသည်။
နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပိုမိုလာနေခြင်းကြောင့်လည်း စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ပိုမိုဂရုစိုက်ကြရန်နှင့် လေယာဥ်သံကြားပါက ကြိုတင်တိမ်ရှောင်ကြရန် ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က တိုက်တွန်းထားသည်။
