■စင်ခန်းဒေသအား စစ်ကောင်စီလေကြောင်း တိုက်ခိုက်၍ ပြည်သူ ၂ဦးသေဆုံး၊ ၃ဦး ဒဏ်ရာရ
ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အား ဖေဖော်ဝါရီ ၂ရက်ကစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်သုံပန်းအချို့ ဖမ်းမိထားကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယနေ့ ညပိုင်း၌ သတင်းဖော်ပြသည်။
ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း အမြောက်တပ်(၃၆၆)၊ ကန်တော်စာသင်ကျောင်းရှိ စစ်ကောင်စီတပ်၊ သံချပ်ကာတပ်ရင်း(၇၀၀၆)၊ လေယာဉ်ကွင်းစခန်းတို့ကို သိမ်းရထားကြောင်း အသိပေးခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းများဖြင့် အဆက်မပြတ် ခုခံနေသည်ဟု ဖော်ပြသည်။

Public Service Announcement
ကချင်သတင်းရင်းမြစ်အချို့၏ ပြောပြချက်အရ ဗန်းမော်မြို့ရှိ တင့်ကားတပ်ရင်း (၅၀၁၄)အပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာအချို့ KIA ပူးပေါင်းတပ်က သိမ်းရထားသည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီဆေးတပ်ကိုပါ သိမ်းရထားကြောင်း သတင်းရင်းမြစ်အချို့က ပြောထားပြီး သတင်းရင်းမြစ်အချို့ကမူ ဆေးတပ်ကို သိမ်းပိုက်နိုင်ခြင်းမရှိဟု ဆိုသည်။ လူမှုကွန်ရက်တွင် ဗန်းမော်မြို့ဆေးတပ်ကို သိမ်းရပြီးဖြစ်ဟု ရုပ်သံမှတ်တမ်း ထွက်ပေါ်နေပြီး ယင်းရုပ်သံတွင် စစ်ကောင်စီ ဆေးတပ်ဖွဲ့ဝင်များ ဝတ်ဆင်သည့် ယူနီဖောင်းနှင့် တိုက်ခိုက်ခံထားရသည့် စစ်တပ်အဆောက်အဦးများကိုလည်း တွေ့ရသည်။
တင့်ကားတပ်ရင်းသိမ်းပိုက်နိုင်မှုအပါအဝင် ဗန်းမော်မြို့တိုက်ပွဲအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
ယနေ့ည KIA ပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်တွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် စင်ခန်းဒေသကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ရက် ညနေပိုင်းတွင်လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတို့ သေဆုံးကာ ကလေးငယ် အပါအဝင် ၃ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။
ဗန်းမော်မြို့နယ်တွင် ၂၀၂၄ ဒီဇင်ဘာ ၄ရက်ကစ၍ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်က တိုက်ပွဲနေရာများသာမက တိုက်ပွဲမရှိသည့် နေရာများကိုလည်း လေကြောင်းတိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
