စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။
ယနေ့တွင် စစ်ကောင်စီ၏ ခမရ(၅၈၄)တပ်ရင်းမှ တပ်သားများသည် KNUအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ကျောက်ကြီး(လယ်ဒို)မြို့နယ် ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉)ထံ အလင်းဝင်လာခြင်းဖြစ်သည်ဟုဆိုသည်။

အလင်းဝင်လာသည့် တပ်သားသစ်များမှာ အသက် (၂၁)နှစ်အရွယ် တပ်သားမြတ်မင်းသူ၊ အသက် (၂၄)နှစ်အရွယ် တပ်သားဝင်းမင်းကိုနှင့် အသက် (၂၀)အရွယ် တပ်သားမိုးသောက်ယံ တို့ဖြစ်ပြီး MA3 ၂လက်၊ MA1 ၁လက်နှင့် ကျည် များ ယူဆောင်လာကြောင်း အသိပေးသည်။

Public Service Announcement
အဆိုပါတပ်သားသစ်များသည် စစ်ကောင်စီတပ် ၏ မတရားဖမ်းဆီးခံရကာ ပြည်သူ့စစ်မှုထမ်း အဖြစ်သို့ အတင်း အဓ္ဓမစစ်မှုထမ်း စေခိုင်းခြင်းခံရသူများဖြစ်သည်ဟု ဖော်ပြသည်။
လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသစ် သုံးဦးအား လယ်ဒိုမြို့နယ် တန်ဝန်ရှိသူများနှင့် တပ်ရင်း(၉) တန်ဝန်ရှိသူများမှ တစ်ဉီးလျှင် ကျပ် ၁၀သိန်းစီ ပေးအပ်ခဲ့သည်ဟု KNUက ထုတ်ပြန်သည်။
ယခု ဖေဖော်ဝါရီပထမပတ်ကလည်း စစ်ကောင်စီတပ်သား ၄ဦးသည် လက်နက် ၃လက်နှင့်အတူ KNU တပ်ရင်း(၉)ထံ အလင်းဝင်ခဲ့သည်။ထိုစဉ်ကလည်း အလင်းဝင်လာသည့် တပ်သားများသည် စစ်မှုထမ်း တပ်သားသစ်များ ဖြစ်ကြပြီး ခမရ(၅၈၄) တပ်ရင်းမှ ဖြစ်သည်။
ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်တွင်လည်း ခလရ(၇၃)တပ်မှ တပ်သား ၁ဦး လက်နက်နှင့်အတူ KNUထံ အလင်းဝင်လာကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်တွင် အသိပေးထားသည်။
KNUအနေဖြင့် စစ်ကောင်စီတပ်သားများ ပြည်သူ့ဘက် ကူးပြောင်းရန် ဖိတ်ခေါ်ထားသည်။
စစ်ကောင်စီတပ်၏မတရားဖမ်းဆီးကာ အတင်းအဓ္ဓမစစ်မှုထမ်း စေခိုင်းခံရသော တပ်သားများ အနေဖြင့်နီးစပ်ရာတိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ ထံသို့ ရရာနည်းဖြင့်လက်နက်ချ အလင်းဝင်ကြရန် KNUက တိုက်တွန်းထားခြင်းဖြစ်သည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် သင်တန်းတက်နေစဉ်ဖြစ်စေ၊ လက်နပ်တပ် ဆင်ပြီးဖြစ်စေ အခြေအနေပေးသည်နှင့် တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ပူးပေါင်းရန် နှိုးဆော်ထားသည်။
