နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ၊ ဖာပွန် – ကမမောင်း ကားလမ်းပိုင်းက ကတိုင်တိ စခန်းဆီ စစ်ကူတက်လာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၅) ပူးပေါင်းတပ်ကြား မတ်လ ၁ ရက်က တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားရတယ်လို့ သိရပါတယ်။
ကမမောင်းမြို့ကနေ မိုင် ၂၀ ခန့်အကွာရှိ ကတိုင်တိ စခန်းဆီ စစ်ကူတက်လာတာဖြစ်ပြီး လမ်းမှာတင်ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီစစ်ကြောင်း ပြန်လန်ကျသွားတာလို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုဟာ ကမမောင်းမြို့ အထက်နားမှာ ဖြစ်ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုနဲ့ လက်နက်ခဲယမ်း ရရှိမှုကို အသေးစိတ်မသိရသေးဘူးလို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက အသိပေးပါတယ်။

Public Service Announcement
တိုက်ပွဲဖြစ်ပြီးနောက် ကမမောင်းမြို့ တဝိုက်က ရွာတွေဆီစစ်ကောင်စီလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ဖာပွန် – ကမမောင်း လမ်းပိုင်းမှာအရေးပါတဲ့ ကတိုင်တိ စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခဲ့ရတာပါ။
ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟာ ကတိုင်တိစခန်း အနောက် ဘက်ရှိ ကရင့် နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၃) တပ်ရင်း ဌာနချုပ်မှာ ပြန်လည် စုစည်းပြီး KNU ရဲ့ တိုက်ခိုက်မှုကို ဆက်လက်ခုခံနေဆဲလို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။
ကတိုင်တိစခန်းကို ရှင်းလင်းနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စခန်းပြန်ရဖို့ အင်အားစုစည်းပြီး ပြန်လည်ခုခံနေတာကြောင့် စခန်းကို အပြီးသတ် ရပြီဆိုတာ ပြောလို့မရသေးဘူးလို့လည်း ဗိုလ်မှုးကြီး စောကလယ်ဒိုက ဇန်နဝါရီ ၂၃ ရက်မှာ အသိပေးထားပါတယ်။
ဖာပွန်မြို့ကို ထိန်းချုပ်ထားတဲ့ KNU တပ်မဟာ (၅) ဟာ ဖာပွန်ဆီ စစ်ကူ တက်လာနိုင်တဲ့ ဖာပွန် – ကမမောင်းလမ်းပိုင်းကစစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက်ရှင်းလင်းတိုက်ခိုက်နေတာပါ။
လက်ရှိမှာတော့ အဲဒီလမ်းပိုင်းမှာ ဖာပွန် ဗျုဟာ ၊ ကမမောင်းဗျုဟာ ၊ ကတိုင်တိ BGF အမှတ် (၁၀၁၃) တပ်ရင်းတွေ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
















































