စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီ၏ အဓမ္မစုဆောင်းထားသော စစ်မှုထမ်းဥပဒေမှ တပ်သားသစ်ငါးဦး အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ယနေ့(မတ်လ ၄ ရက်) ထုတ်ပြန်သည်။
မတ်လ ၂ ရက်က မိတ္ထီလာမြို့မှ ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ်(၁၀၁)သို့ ပို့ဆောင်ခံရသည့် တပ်သားသစ်ချစ်ဆန်းနိုင်နှင့် ချစ်ကို တို့ကို ယနေ့ နံနက် ၄ နာရီခွဲတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း Burma Revolution Rangers က အသိပေးသည်။
ထို့အပြင် ယင်းမာပင်မြို့နယ်ပကဖ (လက်ရုံးတပ်) ULFစစ်ကြောင်းကလည်း ပြည်သူ့စစ်မှုထမ်းလူငယ်သုံးဦး ခိုလှုံလာပြီး လက်နက်ကိုယ်စီပါရှိကြောင်း အသိပေးထားသည်။

Public Service Announcement
“အလင်းဝင်လာတာ လူငယ်တွေသုံးဦး MA1 သုံးလက်၊ကျည်ဘောက် ငါးဘောက်နဲ့ နှုတ်ခမ်းနီအတောင့် ၃၀၀ကျော်နဲ့ ULFထံ အလင်းဝင်လာတာပါ။ နောက်ထက်ဝင်မည့်ကလေးတွေရှိသေးလို့ ဘယ်နေရာကဝင်တာ နာမည်နဲ့တော့ပြောလို့မရသေးပါဘူး”ဟု ULF တာဝန်ရှိသူက ပြောသည်။
အဆိုပါလူငယ်များကို တစ်ဦးလျှင် ကျပ်သိန်း(၃၀)စီ ချီးမြှင့်ထားပြီး ကောင်းမွန်စွာ လက်ခံကြိုဆိုထားကြောင်းလည်း ဖော်ပြသည်။
စစ်ကောင်စီသည် အဓမ္မပေါ်တာဆွဲဖမ်းစီးမှုများ နေရာအနှံ့ပြုလုပ်နေပြီး ပြည်သူလူထုအနေနှင့်အသွားလာအနေအထိုင်ဂရုစိုက်ရန် နှင့် စစ်မှုထမ်းတွင် ဖမ်းဆီးခံခဲ့ရရင်လည်း နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံဆက်သွယ်ပြီး အလင်းဝင်ရောက်ရန် တိုက်တွန်းထားသည်။
၂၀၂၄ ဖေဖော်ဝါရီ ၁၀ရက်က ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတစ်ဝန်း လူငယ်များအဓမ္မလူသစ်စုဆောင်းခံရပြီးနောက် ရာနှင့်ချီသော တပ်သားသစ်များသည် စစ်ကောင်စီလက်အောက်မှ ထွက်ပြေးကာ တော်လှန်ရေးအင်အားစုများထံ ထွက်ပြေး ခိုလုံလာသည့်ဖြစ်စဥ်များလည်း ရှိလာနေသည်။




















































