ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဆယ်ကျော်သက် ထိုင်းလူငယ် တစ်ဦးကို ဓားနဲ့ ထိုးသတ်သွားတဲ့ ထိုင်းယိုင်(ခေါ် ) ရှမ်းလူငယ်တွေကို ဖမ်းဆီး ရမိထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မတ်လ ၄ ရက်နေ့ မနက် အစောပိုင်းတုန်းက ချင်းမိုင်မြို့၊ ဖရာဆင်း ဧရိယာမှာရှိတဲ့ စျေးတစ်ခုထဲမှာ ဂိုဏ်းဂဏဖွဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်မှာ အနက်ရောင်တွေ ဝတ်ထားကြပြီး တုတ်တွေ၊ ဓားတွေ ကိုင်ဆောင်ထားတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာနေထိုင်ကြတဲ့ ထိုင်းယိုင် (ခေါ်) ရှမ်း လူငယ် ၈ ယောက်ဟာ သူတို့နဲ့ မတည့်တဲ့ တခြားအစုအဖွဲ့ တစ်ခုထဲကအသက် ၁၈ နှစ်အရွယ် ထိုင်းလူငယ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြဿနာဟာ လူငယ်ချင်း အကြည့် ဆုံကြည့်မိရာကနေ အစပြုပြီး ကျူးလွန်တဲ့ ထိုင်းယိုင်လူငယ်တွေက ရန်ရှာခဲ့တာ ဖြစ်တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ရှုပ်ရှုပ်ထွေးထွေး ဖြစ်ခဲ့တဲ့ အခြေအနေကို ဖုန်းနဲ့ ဗီဒီယို ရိုက်ကူးထားတာတွေလည်း ရှိခဲ့ပြီး နှစ်ဖက်ကြားမှာ ပြင်းထန်တဲ့ သတ်ပုတ် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ သေဆုံးသူကတော့ စျေးရဲ့ ဒုတိယထပ်မှာ ပိတ်မိရာက ရင်ဘတ် ညာဖက်ခြမ်းကို ဓားနဲ့ အထိုးခံခဲ့ရတာပါ။ သူဟာ ဒဏ်ရာ အပြင်းအထန် ရထားခဲ့ပြီး မဟာရက်ဂျ် နာခွန် ချင်းမိုင် ဆေးရုံဆီ တင်ပို့ခဲ့ပေမယ့် ကွယ်လွန်ခဲ့ပါတယ်။
တိုက်ခိုက်မှု အပြီးမှာ ထိုင်းယိုင်လူငယ်တွေက ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ထားတဲ့ စျေးသည်တွေ၊ မျက်မြင်သက်သေတွေကိုလည်း အဲဒီ အထောက်အထားတွေ ပြန်ဖျက်ဖို့ ကြိမ်းမောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Public Service Announcement
စျေးရောင်းသူ တစ်ဦးကတော့ သေဆုံးခဲ့တဲ့ လူငယ်ဟာ သွေးရူးသွေးတန်းနဲ့ စျေးအပေါ်ထပ် တက်ပြေးခဲ့ပေမယ့် ကံဆိုးခဲ့ပြီး တိုက်ခိုက်သူတွေရဲ့ ဝိုင်းအုံတိုက်ခိုကိတာ ခံခဲ့ရတယ်လို့ ပြောပါတယ်။
အခင်းဖြစ်ပြီး သိပ်မကြာခင်မှာပဲ စျေးထဲကို ချင်းမိုင် ရဲတပ်ဖွဲ့ အရာရှိတွေ ရောက်လာခဲ့ပြီး အပြင်းအထန် ဒဏ်ရာရထားသူ လူငယ်ကို ဆေးရုံ ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက အဲဒီအမှုကို ချက်ချင်း အရေးယူ တုံ့ပြန် ကိုင်တွယ်မှုတွေ စတင်ခဲ့ပြီး မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာတော့ ၅၇၅ (575) ဂိုဏ်းလို့ နာမည်ပေးထားတဲ့ ဂိုဏ်းထဲက လူသတ်မှု ကျူးလွန်သူလို့သံသယရှိတဲ့ ထိုင်းယိုင်လူငယ် ၆ ဦးကို ဖမ်းဆီး ရမိထားပြီလို့ သိရပါတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး ရဲတွေက အပူတပြင်း လိုက်ရှာနေကြပါတယ်။
ချင်းမိုင်ရဲ့ မွမ်ဧရိယာ ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ပရာချာယာ သိုင်ဆာလာက သံသယတရားခံ လူငယ်တွေဟာ ဆန်ဆိုင်း၊ ဆာရာဖီ ဧရိယာတွေကနေ အလျဉ်းသင့်သလို လူစုကြတာဖြစ်ပြီး စုရပ် တိတိကျကျ ချိန်းဆိုတာမျိုး မရှိဘူးလို့ နားလည်ထားကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
ကနဦး စစ်ဆေးချက်တွေအရ နှစ်ဖွဲ့ကြား အကြည့်ချင်း ဆုံရာက ရန်လိုမှုတွေ စတင်ခဲ့တာဖြစ်ပြီး သေဆုံးသူ လူငယ်ဟာ ပြဿနာ မဖြစ်ချင်လို့ ရှောင်ထွက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မြန်မာ လူငယ်တွေက အငြှိုးတကြီး လိုက်ရှာပြီး တိုက်ခိုက်ခဲ့တာလို့ သိရှိထားကြောင်း သူက ဆိုပါတယ်။
ရဲတွေဟာ လုံခြုံရေး ကင်မရာ (CCTV) မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးပြီး ထွက်ပြေးသွားတဲ့ မြန်မာလူငယ်တွေရဲ့ လမ်းကြောင်းတွေကို ခြေရာခံဖို့ ကြိုးစားနေပါတယ်။ ဖမ်းမိထားသူတွေကိုတော့ ဆန်ဆိုင်းနဲ့ ဆာရာဖိတို့မှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ရဲတွေဟာ လူသတ်လက်နက်ဖြစ်တဲ့ ဓားကိုလည်း မန်ဂရိုင် တံတားနားက ပင်မြစ်ထဲမှာ ရေငုပ်ပြီး ရှာဖွေနေတယ်လို့ ဆိုပါတယ်။ လွတ်မြောက်နေသူ ၂ ယောက်ကို လိုက်ရှာနေချိန် လက်ရှိ ဖမ်းမိထားသူ ၆ ယောက်ကိုတော့ လူသတ်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က စွဲချက်တင်ထားပါတယ်။
အခုဖြစ်စဉ်ကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်ကြောင်းနဲ့ လူထုအတွက် စိုးရိမ် စိတ်ပူစရာ မရှိကြောင်း ချင်းမိုင် ရဲတပ်ဖွဲ့က ဆိုပါတယ်။ ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူ နောက် ၂ ယောက်ကို အမြန်ဆုံး ဖမ်းမိမယ်လို့ ယုံကြည်ထားကြောင်းလည်း ပရာချာယာက ပြောကြားသွားပါတယ်။
ကိုးကား: Asean Now
