ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီတပ်များ တန်ပြန်ထိုးစစ်ဆင်လာကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က သတိပေး ထုတ်ပြန်သည်။
စစ်ကောင်စီတပ်များ တန်ပြန်ထိုးစစ်ဆင်လာ၍ ပြည်သူလူထု၏ လုံခြုံရေးကိုရှေးရှုကာ မော်ချီးဒေသသို့ ကုန်စည်ကူးသန်းရောင်းဝယ်သွားလာနေသည့် မော်တော်ယာဥ်၊ဆိုင်ကယ်များအား ယမန်နေ့ (မတ်လ ၄ ရက်)ကစ၍ ဖြတ်သန်းသွာလာခြင်း မပြုရန် တားမြစ်ထားသည်။
“ညွှန်ကြားစာအတိုင်းပဲ ။လက်ရှိအခြေအနေက စစ်ရေးတင်းမာမှုကြောင့်ပဲ ဖြစ်ပါတယ်”ဟု IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
လက်ရှိ ဘောလခဲမြို့နယ်၏ တန်ပြန်ထိုးစစ်တွင်လည်း စစ်ကောင်စီက ၎င်းတို့ အဓမ္မစုဆောင်းထားသည့် တပ်သားသစ်များအား အသုံးပြုထားကြောင်းလည်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
“ဘောလခဲဘက်ကိုတော့ မြေပြင်ထက် လေကြောင်း ကနေ လူ၊ရိက္ခာက ပို့နေတာတွေက ရှိနေတုန်းပဲ။အထူး သဖြင် တပ်သားသစ်တွေများတယ်။အဲဒါကြောင့်လည်း ပြီးခဲ့တဲ့လပိုင်းတွေမှာ တော်လှန်ရေးအင်အားစု တွေဘက်က ရှေ့တန်းကရော၊တပ်ထဲကနေပါ ထွက် ပြေးလာတဲ့သူတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။
ဘောလခဲမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်လာနိုင်ကြောင်း ပြီးခဲ့သည့်လဆန်းပိုင်းကတည်းက ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မြို့နေလူထုအား ၁၀ ရက်အတွင်း ရွှေ့ပြောင်းကြရန်နှင့် ရှောင်ရှားခြင်းမရှိပါကဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ကိစ္စများကို တော်လှန်ရေးတပ်ပေါင်းစုက ဖြေရှင်းမည်မဟုတ်ကြောင်း သတပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်က ထုတ်ပြန်ထားသည်။
ဘောလခဲမြို့၌ စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက်အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားသည်။
ဘောလခဲမြို့နယ်အတွက် အရေးပါသည့် စစ်ကောင်စီစခန်းကုန်း သုံးခုကို ကရင်နီတပ်ပေါင်းစုက ယမန်နှစ် နှစ်ဝက်ကစ၍ သိမ်းပိုက်နိုင်ခဲ့ပြီး မယ်စလောင်းတောင် စခန်း၊ရေကျော်စခန်းနှင့် ထူးချောင်းစခန်းတို့ ပါဝင်သည်။


















































