ရန်ကုန်မြို့ ၊ ရွှေထွဋ်တင်ကွင်းတွင် မတ်လဆန်း၌ ပြုလုပ်ခဲ့သည့် Hip Hop ၂၅ နှစ်ပြည့်ပွဲကိုစီစဉ်သူများတွင် စစ်ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ) အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား ထက်ရဲနောင်ပါဝင်ကြောင်း တော်လှန်လူငယ်များက အသိပေးသည်။
မတ်လ ၁ ရက် နှင့် ၂ ရက်နေ့တွင် ရွှေထွဋ်တင်ကွင်း၌ Noid Entertainment ကုမ္ပဏီက”NOID Music Festival” အမည်ဖြင့်ပြုလုပ်သော Hip Hop ပွဲတွင် စစ်ကောင်စီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ သား ထက်ရဲနောင်စပွန်ဆာပေးခဲ့ခြင်းဖြစ်သည်။ယင်းပွဲများကို ထက်ရဲနောင်မှတဆင့် စကစ ၏ သွယ်ဝိုက်ပံ့ပိုးမှု၊ အကာကွယ်ပေးမှုတို့နှင့် အတူ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်လူငယ်တစ်ဦးကဆိုသည်။
ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဦးဆောင်သည့် စရဖသည် နေ့စဉ်နှင့်အမျှ ပြည်သူလူထုနှင့်တော်လှန်ရေးသမားများကိုဖမ်းဆီးခြင်း၊ စစ်ကြောရေးစခန်းများတွင် နှိပ်စက်သတ်ဖြတ်ခြင်း၊ တော်လှန်ရေးသူ များ၏ ကွန်ယက်များထဲကို ထိုးဖောက်ဝင်ရောက်ခြင်း အစရှိသည့် အလုပ်များကို ဦးစီးလုပ်ကိုင် ဆောင်ရွက်နေသူဖြစ်သည်။ထို့အပြင်စစ်ကောင်စီအာဏာသိမ်းသည့် အချိန်၌ စစ်တပ်၏ ၁၀ ဦး မြောက် တာဝန်ရှိသူ Lt Gen အနေဖြင့် စစ်ကောင်စီ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်ကာ ပြည်သူများ မတရားသတ်ဖြတ်ခံရမှုများတွင် အဓိက တာဝန်ရှိသူဖြစ်သည်ဟု တော်လှန်လူငယ်များကပြောသည်။

Public Service Announcement
စစ်ကောင်စီက ယခုကဲသို့သောပွဲများကိုပြုလုပ်နေခြင်းမှာ ပြည်တွင်း၌ ပုံမှန်အေးချမ်းနေသည်ဟု Normalize လုပ်လိုခြင်း နှင့် အဆိုတော်များကို ငွေဖြင့် စည်းရုံးလိုခြင်းဖြစ်ကြောင်း တော်လှန်လူငယ်များကသုံးသပ်သည်။
“Hip Hop ၂၅ နှစ်ပြည့်ဆိုပြီး ပွဲလုပ်တယ်။ အဲ့ပွဲမှာ Hip Hop အထင်ကရသီချင်းတွေဆိုပြီး session တစ်ခု rapper တွေအုပ်စုလိုက် ဖျော်ဖြေကြတယ်ပေါ့။ ကိုဇေယျာသော်ရဲ့ သီချင်းပါ ဆိုကြသေးတာ။ အဲ့အချိန်မှာ စရဖချုပ်ရဲ့သားလည်းစင်ပေါ်မှာ Rapperတွေနဲ့အတူကခုန်သောင်းကျန်းနေတာ။ စရဖချုပ်ဆိုတာ အာဏာသိမ်းပြီးထဲက လူငယ်တွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်၊ စစ်ထဲခေါ်သွင်း လုပ်တာတွေ ဦးဆောင်နေတဲ့သူ။ လူငယ်တွေ၊ ဖိနှိပ်ခံပြည်သူတွေရော ကိုဇေယျာသော်ရော Acid က senior တွေရော အားမနာ သူတို့မို့လို့ ဒီလိုလူနဲ့ စင်ပေါ်တက်ဖျော်ဖြေရက်တယ်။” ဟု အကြမ်းဖက်စစ်တပ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ လူငယ်တစ်ဦးက မှတ်ချက်ပေးသည်။

ယင်းဖျော်ဖြေပွဲတွင် စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုခံခဲ့ရသည့် Acid အဖွဲ့၏ အဆိုတော် ဇေယျာသော်၏ သီချင်းကို သီဆိုမှုအပေါ် “ကိုဇေယျာသော်ရက်ပ်တွေ ယူဆိုကြဖို့ မင်းတို့နဲ့တန်လို့လားး ဟမ် ???လူငယ်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ နေရာဝင်ယူပီး ထကြွနေတာ မင်းတို့အတွက်တော့ အဲလိုလေးတွေလုပ်ရတာ သူပုန်ထတာမျိုးပေါ့ ဟုတ်လား ။စစ်ဖိနပ်အောက်မှာ မင်းအောင်လှိုင်ကိုအခွန်ဆောင်မှ ပွဲလုပ်ရတဲ့ဘဝတွေမှာ သာယာနေကြတာ မင်းတို့ပျော်ချင်လို့ပျော်တဲ့ အပျော်ပွဲမှာ Nitric Rap တွေယူဆိုစရာ စောက်ကြောင်းကိုမရှိဘူး သီချင်းရေးဆိုထားတဲ့ပိုင်ရှင်ကို အားမနာတာမျိုး သတ္တိမရှိတဲ့ လမ်းမပေါ်ကဘဝတွေကို ကိုယ်စားမပြုတဲ့ ေ..ပေါ Hip Hop အကြောင်းတွေ သိပ်မပြောကြနဲ့ စောက်ရှက်ပဲ ” ဟု ဇေယျာသော်၏ဇနီး တော်လှန် အနုပညာရှင်တစ်ဦးဖြစ်သည့် သဇင်ညွန့်အောင်က ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
ထက်ရဲနောင်သည် လက်ရှိ မြန်မာပြည်မှ Rapper များစွာကို ထောက်ပံ့ထားပြီး စစ်ကောင်စီအလိုကျ ပွဲများ ဖြစ်မြောက်အောင် ဦးဆောင်စီစဉ်ကျင်းပကာ ဖိနှိပ်မှုများရှိသည့်တိုင် မြန်မာပြည်မှာ Hip Hop ကို ပြန်လည်အသက်ဝင်လာအောင် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ထက်ရဲနောင်သည် IAMHIPHOP၊ Afterpast record label နှင့် မြန်မာ Music producer ပြိုင်ပွဲဖြစ်သည့် Beatz Bangaz ကိုလည်း နောက်ကွယ်မှ ပံ့ပိုးပေးနေသူ ဖြစ်ကြောင်း တော်လှန်လူငယ်များကအတည်ပြုပေးထားသည်။
“စကစသည် မြန်မာပြည်သူလူထုကို ဆက်လက် ဖိနှိပ် အကြမ်းဖက် အုပ်ချုပ်နိုင်ဖို့ အနုပညာရှင်များကို ခေတ်အဆက်ဆက် အသုံးချလာခဲ့သည်မှာ ငြင်းမရသည့် အမှန်တရားဖြစ်သည်။ ထို့အတွက်ကြောင့် အကြမ်းစစ်တပ်ထိပ်ပိုင်းခေါင်း
ဆောင်၏ မိသားစုဝင် တဦးက ဦးဆောင်ဦးရွက်ပြုပါဝင်နေသည့် ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ၎င်း နှင့်ပတ်သက်ဆက်စပ်မှုများ လုပ်ဆောင်ခြင်းမှ ရပ်တန့်ရန်လဲ တပါတည်းသတိပေးလိုက်သည်။” ဟု တော်လှန်လူငယ်များက မေဝ္တာာရပ်ခံထားသည်။




















































