မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ ဖွဲ့စည်း ပါဝင်နေတဲ့ ကဘော်ချိုင့်ဝှမ်း ဒေသကို ပြန်လည် သိမ်းသွင်းယူပြီး မဏိပူရ ပြည်နယ် ပိုင်နက်ထဲ ထည့်သွင်းပေးရေး ဆောင်ရွက်ပေးဖို့ ဒေသခံ အမတ်တစ်ဦးက အိန္ဒိယ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မတ်လ ၁၀ ရက်နေ့က အိန္ဒိယ လွှတ်တော်ထဲမှာ ရက်ဂျ်ယာ ဆာဘာ ပါတီအမတ် လီရှမ်ဘာ ဆာနာဂျိုဘာက အဲဒီ ကိစ္စကို အဆိုပြု တင်ပြခဲ့တာ ဖြစ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဟာ အခုအခါမှာတော့ စစ်ကိုင်းတိုင်းရဲ့ တမူးမြို့နယ် ပိုင်နက်ထဲမှာ ပါဝင်နေပြီး ချင်းတိုင်းရင်းသား အများစု နေထိုင်ကြပါတယ်။
စတုရန်း ကီလိုမီတာ ၂၂၀၀၀ ကျော် ကျယ်ဝန်းတဲ့ ကဘော်ချိုင့်ဝှမ်းဟာ အစဉ်အလာအားဖြင့် မဏိပူရ စော်ဘွားတွေ ပိုင်ဆိုင်ခဲ့ပြီး ၁၄၅၀ ပြည့်နှစ်ကတည်းက မဏိပူရရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တယ်လို့ ဆာနာဂျိုဘာက ပြောပါတယ်။
ဒါပေမဲ့ ၁၉၅၃ ခုနှစ်မှာတော့ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဂျာဝါဟာလာ နေရူးဟာ မဏိပူရ ပြည်နယ် အစိုးရကို တိုင်ပင်တာမျိုး လုံးဝ မရှိဘဲ အဲဒီ ဒေသကို မြန်မာ ဝန်ကြီးချုပ် ဦးနုဆီ လက်ဆောင်အဖြစ် လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ မဏိပူရ ပြည်နယ် သမိုင်းကြောင်းမှာ အမှောင်မိုက်ဆုံး နေ့ရက်တစ်ခုကို ကြုံတွေ့စေခဲ့တယ်လို့လည်း ဆာနာဂျိုဘာက ဆက်ပြောပါတယ်။

Public Service Announcement
သူက ၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်း သဘောတူညီမှုဆိုင်ရာ စာချုပ်အတိုင်း သတ်မှတ် လျော်ကြေးကို မြန်မာဖက်က ဆက်ပေးချေဖို့ ကိစ္စကိုလည်း တောင်းဆိုခဲ့ပါတယ်။ ၁၈၃၄ ခုနှစ်တုန်းက စာချုပ်အရ မြန်မာဘုရင်ဟာ မဏိပူရ ဘုရင်ခံကို လစဉ် ဆစ်ကာငွေ (ဟိုင်ဒါရာဘတ် ရူပီး) ၅၀၀ ပေးချေနေခဲ့ကြောင်း၊ ၁၉၄၉ ခုနှစ်မှာ မဏိပူရက အိန္ဒိယနဲ့ ပေါင်းစည်းခဲ့ပြီး ချိန်ထိလည်း အဲဒီ ငွေကြေး ပေးချေမှုက ဆက်လက် တည်တံ့နေခဲ့ပေမယ့် ၁၉၅၃ ခုနှစ်၊ နေရူးရဲ့ ဆုံးဖြတ်ချက် အပြီးမှာ မြန်မာက ငွေဆက်မပေးတော့ကြောင်း ဆာနာဂျိုဘာက စွပ်စွဲခဲ့ပါတယ်။
သူက ဝန်ကြီးချုပ် နေရူးရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းဝင် အမှားကြီး တစ်ခုအဖြစ်လည်း ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်အပေါ် မဏိပူရ ပြည်သူတွေက နေရူးကို ဘယ်တော့မှ ခွင့်လွှတ်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
သူက အိန္ဒိယ လွှတ်တော် အနေနဲ့ ကဘော်ချိုင့်ဝှမ်းကို မဏိပူရဆီ ပြန်လည် ပေါင်းစည်းနိုင်ရေးနဲ့ ပုံမှန် လျော်ကြေးငွေ ပြန်လည် ရရှိရေး ကိစ္စတွေမှာ ကြားဝင် ဆောင်ရွက်ပေးစေလိုတယ်လို့လည်း ထည့်သွင်း တောင်းဆိုသွားပါတယ်။
ကိုးကား: India Today
