Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယလွှတ်တော်အမတ်အချို့ အချုပ်အခြာအာဏာထိပါးပြောဆိုမှု စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အောက်ကျနောက်ကျဖြစ်နေသည်ကို မီးမောင်းထိုးပြနေဟု NUG နိုင်ငံခြားရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံ ပြည်နယ်လွှတ်တော်အမတ်အချို့က မြန်မာပိုင်နက် ကဘော်ချိုင့်ဝှမ်းကို ပြန်လည်ရယူရန်နှင့် ချင်းပြည်နယ်ကို အိန္ဒိယနှင့်ပေါင်းစည်းရန် ပြောဆိုလာမှုများသည် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အောက်ကျ၊နောက်ကျဖြစ်နေရသည်ဆိုသော အချက်ကို မီးမောင်းထိုးပြလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောကြားသည်။

“ကျွန်မတို့ တိုင်းပြည် အချုပ်အခြာအာဏာ သူ့နေရာ သူပြန်ရောက်ဖို့ပဲ အဓိက မျက်ခြေမပြတ် ဆောင်ရွက်သွားရမှာပါ” – နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်

အီယိုရီ/People’s Spring

အိန္ဒိယနိုင်ငံ ပြည်နယ်လွှတ်တော်အမတ်အချို့က မြန်မာပိုင်နက် ကဘော်ချိုင့်ဝှမ်းကို ပြန်လည်ရယူရန်နှင့် ချင်းပြည်နယ်ကို အိန္ဒိယနှင့်ပေါင်းစည်းရန် ပြောဆိုလာမှုများသည် စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် အောက်ကျ၊နောက်ကျဖြစ်နေရသည်ဆိုသော အချက်ကို မီးမောင်းထိုးပြလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောကြားသည်။

တိုင်းပြည်၏ အချုပ်အခြာအာဏာကို ရွေးကောက်ခံအစိုးရတရပ်ထံမှ အတင်းအဓမ္မ စစ်အာဏာသိမ်းလိုက်သည့် နောက်ဆက်တွဲရလဒ်အဖြစ် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကြား၌ တိုင်းပြည် အောက်ကျနောက်ကျ ဖြစ်နေရသည်ဆိုသော အချက်ကို မီးမောင်းထိုးပြခြင်းဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“အခု အဲ့ဒီ ပြည်သူအများစုကရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရခေါင်းဆောင်တွေကို တရားမဝင် ဖမ်းဆီးစွပ်စွဲအကျဉ်းချထားတဲ့အပြင် အချုပ်အခြာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကို နေ့စဉ်နဲ့ အမျှ စိတ်ရော ကိုယ်ရော ပင်ပန်းဆင်းရဲမှုတွေ ဖြစ်အောင် ဖိနှိပ် ရက်စက် အကြမ် ဖက်နေမှတော့ ကျမတို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ အားနည်းချည့်နှဲ့ တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတဲ့ အခြေအနေဆိုက်နေပြီဆိုတဲ့ ပြယုဂ်လို့ မြင်ပါတယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ မူလပိုင်ရှင်မှာ မြန်မာပြည်သူလူထုသာလျှင် ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၁၀ရက်တွင် ကျင်းပသော အိန္ဒိယလွှတ်တော်၌ ရက်ဂျ်ယာဆာဘာပါတီအမတ် လီရှမ်ဘာ ဆာနာဂျိုဘာက မြန်မာနိုင်ငံ ပိုက်နက်ထဲရှိ စစ်ကိုင်းတိုင်း-ချင်းပြည်နယ်အစပ် ကဘော်ချိုင့်ဝှမ်းကို မဏိပူရ်ပြည်နယ်အတွက် ပြန်လည်ရယူပေးရန် သို့မဟုတ် လျော်ကြေးငွေတောင်းဆိုရန် အိန္ဒိယဗဟိုအစိုးရအား အဆိုပြုခဲ့သည်။ ထို့အပြင် အိန္ဒိယ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ်တစ်ဦးကလည်း ချင်းပြည်နယ်ကို အိန္ဒိယနှင့်ပူးပေါင်းရန် မကြာသေးမီက စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်၏ အဆိုပါစည်းရုံးပြောဆိုမှုကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပြီး CNF ၏ ဌာနချုပ် တည်ရှိရာ၊ ချင်းပြည်ကောင်စီရုံးစိုက်ရာ မြို့ကို မီဇိုရမ်ပြည်နယ်အမတ် လာရောက်စဥ်က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။

“ဟုတ်ပါတယ်။ CNF ဌာနချုပ်ကိုလာတဲ့ အထက်လွှတ်တော် အမတ်ကတော့ တရားဝင် ပြောဆိုတာမျိုးမဟုတ်ပေမဲ့ သွေးရင်းတွေသုံးနိုင်ငံမှာ ပြန့်ကျဲနေထိုင်တာ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ကောင်းဖို့တွေ အားပေးတာမျိုး၊ နွေဦးတော်လှန်ရေးကာလ ချင်းအရေးကို ဗဟိုအစိုးရမှာ မိမိတို့အတွက် ရပ်တည်ပေးမှုတွေ ဆွေးနွေးတဲ့အဆင့်ပါ” ဟု ဆလိုင်းထက်နီက ယနေ့(မတ်လ ၁၂ရက်)တွင် People’s Spring သို့ ပြောသည်။

သို့ရာတွင် ချင်းအမျိုးသားတပ်ဦး(CNF/CNA)သည် အခြားနိုင်ငံများ၏ အချုပ်အခြာ၌ ပါဝင်ပေါင်းစည်းရန် မူဝါဒမရှိကြောင်းနှင့် အာဏာရှင်မှန်သမျှကို အပြီးချေမှုန်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံရေး၊ စစ်ရေးသုတေသီတစ်ဦးကမူ မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် ပြင်းထန်လာနေချိန်၊ တိုင်းပြည်အခက်တွေ့နေချိန်တွင် အမြတ်ထုတ်သည့် လုပ်ရပ်ဟု သုံးသပ်ပြီး နိုင်ငံရေးအရ အရှည်မကြည့်တတ်ကြောင်း ဝေဖန်သည်။

“ဘာဘူကြီးတို့(အိန္ဒိယ)ကတော့ တကယ်ကို နိုင်ငံရေးအရ အရှည်မကြည့်တတ်ဘူး။ အတော်လေးညံ့ကြတာဘဲ။ ဗမာတွေသဘောထား ခဏအသာထားအုံး၊ ပေါက်ဖေါ်ကြီး(တရုတ်)က လက်ခံလိမ့်မယ်ထင်နေလို့လား။ ဘာဘူကြီးတို့ကတော့ နိုင်ငံတကာရေးရော၊ အရှေ့တောင်အာရှရေးနဲ့ ပတ်သက်လို့ရော တကယ်ကို ဘောင်မဝင်ဘူး။ အမျှော်အမြင်လည်း နည်းတယ်။ ပြီးတော့ မပြောတတ်၊ မဆိုတတ်၊ မလုပ်တတ်၊ မကိုင်တတ်နဲ့” ဟု အထက်ပါ သုတေသီက ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

လက်ရှိတွင် အိန္ဒိယဗဟိုအစိုးရသည် မြန်မာ့အရေးနှင့်ပတ်သက်၍ အားလုံးပါဝင်သည့် ဆွေးနွေးညှိနှိုင်းအဖြေရှာရေးကို တိုက်တွန်းနေသော်လည်း အိန္ဒိယအရှေ့မြောက်ပိုင်းရှိ လူမျိုးတူ၊ မျိုးနွယ်စုတူသူများက မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မတည်ဆောက်နိုင်ပါက ၎င်းတို့နှင့် ပူးပေါင်းရန် ပြောဆိုမှုများရှိနေကြောင်း India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောသည်။

“အဖြေမရှာနိုင်တဲ့ အနေအထားရောက်သွားရင် ချင်းတွေနဲ့သော်လည်းကောင်း၊ အခြားလူမျိုး နှစ်နိုင်ငံ ခွနေထိုင်နေသူတွေသော်လည်းကောင်း ရွေးချယ်စရာတစ်ခုအနေနဲ့ တကယ်လက်တွေ့ နိုင်ငံရေးအခြေအနေအရ ဖြစ်လာနိုင်စရာရှိတဲ့အတွက် မြန်မာ့အရေးဖြေရှင်းတဲ့အချိန်မှာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ပိုပြီးတော့မှ သတိထားဖို့ လိုလာပြီဆိုတာကို ပြသတယ်လို့ ယူဆပါတယ်” ဟု ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။

သို့သော် နွေဦးတော်လှန်ရေးတွင် ပြည်နယ်သူ၊ ပြည်နယ်သား၊ မြန်မာနိုင်ငံသားများသည် တာဝန်သိစွာဖြင့် မိမိတို့ တိုင်းပြည်ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ပြည်သူလူထုလက်ဝယ် ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ခိုင်မာသည့် သန္နိဋ္ဌာန် ချထားသည်မှာ မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရန်အတွက် ဖြစ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောသည်။

ထို့အပြင် အိမ်နီးချင်းပြည်နယ် နှစ်ခုမှ လွှတ်တော်အမတ်နှစ်ဦး၏ ပြောဆိုဆွေးနွေးချက်များသည် အိန္ဒိယဗဟိုအစိုးရ(နယူးဒေလီအစိုးရ)၏ သဘောထားများ မဟုတ်ဟု ယုံကြည်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးက ဆက်ပြောသည်။

“ကျွန်မတို့ တိုင်းပြည် အချုပ်အခြာအာဏာ သူ့နေရာ သူပြန်ရောက်ဖို့ပဲ အဓိက မျက်ခြေမပြတ် ဆောင်ရွက်သွားရမှာပါ” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဟန်နွေ/People’s Spring ချင်းအမျိုးသားတပ်ဦး(CNF/CNA) အနေဖြင့် အခြားနိုင်ငံများ၏ နိုင်ငံရေး အချုပ်အခြာတွင် ပါဝင်ပေါင်းစည်းရန် မူဝါဒ မရှိကြောင်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားလိုက်သည်။ အိန္ဒိယ နိုင်ငံအမတ်အချို့ ချင်းပြည်နယ်ကို အိန္ဒိယနှင့် ပူးပေါင်းရန် ပြောဆိုမှု၊ ကဘော်ချိုင့်ဝှမ်းကို မဏိပူရ ပြည်နယ်အတွက် ပြန်ရယူပေးရန်...

သတင်း

မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ ဖွဲ့စည်း ပါဝင်နေတဲ့ ကဘော်ချိုင့်ဝှမ်း ဒေသကို ပြန်လည် သိမ်းသွင်းယူပြီး မဏိပူရ ပြည်နယ် ပိုင်နက်ထဲ ထည့်သွင်းပေးရေး ဆောင်ရွက်ပေးဖို့ ဒေသခံ အမတ်တစ်ဦးက အိန္ဒိယ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

သတင်း

ကျားဖျန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီ သည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

သတင်း

လစ်သူရေးနီးယားသည် မြန်မာ့ဒီမိုကရေစီအရေးကိုတက်ကြွစွာ ကူညီအားပေးနေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ခရီးစဥ်အတွင်းတွင် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။