Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့လူဦးရေသုံးပုံတစ်ပုံလောက် စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ကြုံနေကြောင်း UN သတိပေး

AFP

▪︎၂၀၂၅ မှာအခြေခံစားကုန်တွေ ၃၀ ရာခိုင်နှုန်း စျေးထပ်တက်နိုင်တယ်လို့ဆို

People’s Spring

မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ အကြီးအကျယ် စိုးရိမ်ရလောက်တဲ့ အခြေအနေမျိုးထိ စားနပ်ရိက္ခာရှားပါးမှုပြဿနာနဲ့ကြုံနေကြောင်း ကုလသမဂ္ဂ(UN)ကသတိပေးပြောကြားခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် လူဦးရေ ၁၉.၉ သန်းလောက်ဟာ အရေးပေါ် လူသားချင်း စာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ UNက ဆိုပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ တော်လှန်ရေး အင်အားစုတွေဆီ ထိန်းချုပ်နယ်မြေတွေ ဆုံးရှုံးရလေလေ၊ ဒေသခံ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီလမ်းကြောင်းတွေ၊ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ပင်လေလေ ဖြစ်ကြောင်း၊ ပြီးတော့ လူသားချင်း စာနာမှု အကူအညီ ပေးသူတွေကိုလည်း စစ်ကောင်စီက ပစ်မှတ်ထားလေ့ ရှိတာကြောင့် လက်ရှိ ဆိုးရွားနေပြီးသား စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမို ဆိုးရွားစေကြောင်း မတ်လ ၁၃ ရက်နေ့ ကုလသမဂ္ဂ ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကြေညာချက်ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ လူသားချင်း စာနာမှုရေးရာ ပြဿနာတွေကို စောင့်ကြည့်နေတဲ့ UN ပညာရှင်တွေဆီကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုကို ခုခံတွန်းလှန်တဲ့ လက်နက်ကိုင် တော်လှန်ရေး စတင်လာချိန်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ မြို့နယ် စုစုပေါင်း ၉၆ ရာခိုင်နှုန်းဟာ လက်နက်ကိုင် ပဋိပက္ခတွေရဲ့ ဒဏ်ကို အနည်းနဲ့အများ သက်ရောက် ခံစားခဲ့ရကြောင်း၊ စစ်ပွဲတွေကြောင့် နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ စီးပွားရေး ကဏ္ဍလည်း သိသိသာသာ ဆုတ်ယုတ် ကျဆင်းသွားကြောင်း ကုလသမဂ္ဂ ကြေညာချက်က ဆိုပါတယ်။

၂၀၂၅ ခုနှစ်ထဲမှာ ဆန်၊ ဆီ၊ ဆား၊ ပဲ အစရှိတဲ့ အခြေခံ စားကုန်တွေဟာ ၂၀၂၄ ခုနှစ်ထက် ၃၀ ရာခိုင်နှုန်းထပ်ပြီး စျေးတက်လာဖွယ် ရှိတယ်လို့လည်း UNက ခန့်မှန်း သတိပေးထားခဲ့ပါတယ်။

ဒါ့အပြင် လောလောလတ်လတ်အဖြစ် အမေရိကန် အစိုးရက လူသားချင်း စာနာမှု အထောက်အပံ့တွေ ရပ်တန့်လိုက်ခြင်းဟာ မြန်မာနိုင်ငံက အကျပ်အတည်း ကြုံနေရတဲ့ လူ့အဖွဲ့အစည်းတွေကိုသာ မကဘဲ မြန်မာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ အိမ်နီးချင်း နိုင်ငံတွေကိုပါ ရုန်းကန်ရစေနိုင်တယ်လို့လည်း UN ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာဆိုရင် လူပေါင်း ၂ သန်းလောက်ဟာ အငတ်ဘေး ဆိုက်လုနီးပါး ခြိမ်းခြောက်မှုမျိုးနဲ့ ကြုံနေရပြီး အထူးသဖြင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်ရတဲ့ ကလေးတွေ၊ အမျိုးသမီးတွေဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို အဆိုးဆုံး ခံစားနေရကြောင်းလည်း သိရပါတယ်။

ကုလသမဂ္ဂရဲ့ပညာရှင်တွေကနိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒေသခံ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဒုက္ခကြုံနေသူတွေဆီ ထိရောက်တဲ့ အကူအညီတွေ ပေးပို့ရေး အလေးပေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)တို့ကိုလည်း မြန်မာ ဒုက္ခသည်တွေအတွက် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးပို့နိုင်ရေး အားထည့် ကြိုးစားပေးကြဖို့ UNက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ