မတ်-၁၉၊ ၂၀၂၅။ အိမ်သွင်/People’s Spring
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် မုန်ယိုနေသည့် အိမ်မွေးဆင်ထီးတစ်ကောင်နင်း၍ ဒေသခံအမျိုးသားသုံးဦး သေဆုံးခဲ့ပြီး ဆင်ကိုဖမ်းမမိသေး၍ဒေသခံများထွက်ပြေးနေကြရသည်။
တနိုင်းမြို့နယ်လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်းမုန်ယိုနေသည့်ဆင်ထီးတစ်ကောင်ကမတ်လ ၁၂ ရက်တွင် ဒေသခံအမျိုးသား ၃ ဦးကို နင်းခဲ့ခြင်းဖြစ်သည်။ သို့သော် တစ်ပါတ်ကြာသည့်တိုင် မတ် ၁၉ ရက်အထိ ဖမ်းမမိသေးဘဲလွတ်မြောက်နေဆဲဖြစ်သည်ဟုဒေသခံအချို့ကပြောသည်။
“ဆင်က မုန်ယိုပြီး လွတ်နေတာကြာပြီ။ တောထဲတွေတောင်ယာထဲတွေလျှောက်သွားပြီး ရွာထဲကိုဝင်လာတဲ့နေ့မှာ ရွာသားတွေနဲ့ထိပ်တိုက်တွေ့တာ။ အမျိုးသားသုံးယောက်အနင်းခံရပြီးသေသွားတယ်။ မထိန်းနိူင်သေးလို့ ရွာသားတွေပါထွက်ပြေးနေရတယ်”ဟု တနိုင်းဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ဆင်နင်းခံရ၍ သေဆုံးသောအမျိုးသား တစ်ဦး၏ ရုပ်အလောင်းဓါတ်ပုံကို လူထုနွေဦးက ကြည့်ရှူခွင့်ရရာ ရုပ်အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကိုတွေ့ရသည်။
မန်ယိုနေသည့် ဆင်ထီးသည် ဒေသခံတဦးပိုင်ဆိုင်သည့်ဆင်ဖြစ်ပြီး ၎င်းအား ထိန်းသိမ်းနိုင်ရေးအတွက် ဒေသခံများနှင့် ဆင်ဖမ်းဆီးရေးကျွမ်းကျင်သူများက ကြိုးပမ်းနေကြောင်းသတင်းရရှိသည်။
“အခုညနေအထိတော့ မမိသေးဘူး။ ရွာတွေလည်း ကင်းစောင့်ပြီးအိပ်နေရတဲ့အခြေအနေပါ။ ဆင်က ထိန်းရခက်နေတဲ့အနေအထားဖြစ်တယ်။ မေ့ဆေးပစ်ဖမ်းမယ်လို့တော့ ကြာတယ်” ဟုဒေသခံတဦးကပြောသည်။
ထို့အပြင် မုန်ယိုနေသည့် ဆင်ထီးနောက်သို့ ဆင်မတစ်ကောင်က လိုက်နေပြီး နှစ်ကောင်စလုံးအားဖမ်းဆီးနိုင်ရေးအတွက်ကြိုးပမ်းနေရကြောင်းသတင်းရရှိသည်။
တနိုင်းမြို့နယ်သည် ဟူးကောင်းချိုင့်ဝှမ်းနှင့်ဆက်စပ်တည်ရှိပြီးဆင်ပေါသည့်ဒေသဖြစ်သည်။ ပုဂ္ဂလိကပိုင်အဖြစ် ဒေသခံများပိုင်ဆိုင်သော အိမ်မွေးဆင်အများအပြားရှိသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလက တနိုင်းမြို့ဒူကောင်းရပ်ကွက်တွင် ဆင်တစ်ကောင်မုန်ယိုပြီး ရန်ပြုသဖြင့် အမျိုးသမီး ၄ ဦးသေဆုံးခဲ့သည်။
သစ်တောဝန်ကြီးဌာန၏၂၀၂၀ စာရင်းများအရ တနိုင်းမြို့နယ်တွင် ပုဂ္ဂလိကပိုင်အဖြစ်အိမ်မွေးဆင် ၁၆၃ ကောင် မှတ်ပုံတင်ထားသည်။
