Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အမြောက်၊ လက်နက်ကြီးများရန် ထိခိုက်မှုလျော့နည်းစေရေးအကြံပြုချက် NUG ထုတ်ပြန်

လက်နက်ကြီးကျနိုင်ခြေ အကွာအဝေးရှိနေအိမ်တိုင်း ဗုံးခိုကျင်း၊ ကတုတ်ကျင်းတူးထားရန်၊ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အကြံပြုထား

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တနေရာတွင် ကျရောက်ခဲ့သော စစ်ကောင်စီ၏ လက်နက်ကြီးကျည်အပိုင်းအစအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ်-၂၀၊ ၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကောင်စီက အမြောက်များ၊ လက်နက်ကြီးများနှင့် အရပ်သားနေရာများကို ပစ်ခတ်ခြင်းကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန် အကြံပြုချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မတ်လ ၁၉ရက်တွင် ထုတ်ပြန်ခဲ့ရာ နေအိမ်တိုင်း ဗုံးခိုကျင်း ၊ ကတုတ်ကျင်း တူးထားရန် တိုက်တွန်းထားသည်။

အမြောက်နှင့် လက်နက်ကြီး ပစ်ခတ်မှုအန္တရာယ် လျော့ပါးစေရေးအတွက် NUGက အသိပေးရာတွင် နိုင်ငံတကာ သုံး စစ်လက်နက်ပစ္စည်းများ၏ ပစ်ခတ်နိုင်သည့်အကွာအဝေးနှင့် အမြင့်၊ စစ်ကောင်စီတပ်က အများဆုံးအသုံးပြုနေသည့် စစ်လက်နက်များ၏ အဝေးဆုံး ပစ်ခတ်နိုင်သည့် အကွာအဝေးများကို ပုံဖြင့် ပြသခဲ့သည်။ ကျည်အမျိုးအစား၊ ယမ်းအား၊ တွန်းကန်အား၊ အချိန်အဆနှင့် အခြားသော ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများပေါ်မူတည်၍ လက်နက်ကြီးကျရောက်ပေါက်ကွဲနိုင်မှု ကွဲပြား ခြားနားနိုင်ဟု အသိပေးသည်။

ထို့ပြင် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ အနေဖြင့် ဒေသတွင်း၌ တပ်စွဲထားသည့် တပ်ရင်းများ၊ အမြောက် တပ်များနှင့် အခြေစိုက်စခန်းများကို စာရင်းပြုစုရန်၊ အဆိုပါ တပ်ရင်းများနှင့် အမြောက်တပ်များက အသုံးပြုသည့် လက်နက်ကြီး အမျိုးအစားများကို ခွဲခြား ရန် အကြံပြုထားပြီး ပစ်ခတ်သည့် မော်တာကျည်များ၊ ကျည်ခွံများမှ တဆင့်သိရှိနိုင်၍ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက အကြံပြုပေးနိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးအမျိုးအစားအလိုက် ပစ်ခတ်နိုင်သည့် အကွာအဝေးကို ဆန်းစစ်ရန်၊ လက်နက်ကြီးကျရောက် ပေါက်ကွဲနိုင်သည့် နေရာဒေသများကို မြေပုံများဖြင့် ရေးဆွဲထားပြီး အများပြည်သူ သိရှိနိုင်အောင် အသိပေးခြင်းများ ဆောင်ရွက်ရန်လည်း ကာကွယ်ရေးတပ်ဖွဲ့များကို အကြံပြုထားသည်။

ဒေသတွင်းသို့ ပစ်ခတ်လေ့ရှိသည့် လက်နက်ကြီးအမျိုးအစားအရ ကျေးရွာများ၊ အများပိုင်အဆောက်အအုံများနှင့် နေအိမ်များသည် လက်နက်ကြီးကျ ရောက်နိုင်သည့် အကွာအဝေးအတွင်း ရှိနေပါက ပြောင်းရွေ့နေရာချထားပေးရန်နှင့် လတ်တလော ပြောင်းရွှေ့နေရာချထား မပေးနိုင်ပါက အများပိုင် အဆောက်အအုံများနှင့် နေအိမ်တိုင်းတွင် ခိုလှုံရာ ဗုံးခိုကျင်းများနှင့် ကတုတ်ကျင်းများ တူးဖော်ထားပြီး ပစ်ခတ်သံ စတင်ကြားသည်နှင့်တပြိုက်နက် အဆိုပါ နေရာများတွင် ပုန်းအောင်းရန် အကြံပြုသည်။

အိပ်စက်မည့်နေရာများတွင် သဲအိတ်အကာအကွယ်များ ပြုလုပ်ထားရန်လည်း အကြံပြုထားသည်။

ထို့အပြင် သွားလာနေစဉ်အတွင်း ပစ်ခတ်သံကြားပါကလည်း မြေနိ့မ်သည့်နေရာများနှင့် သဘာဝ အရံအတားများကို အကာအကွယ်ယူ ပုန်းအောင်းရန်နှင့် ဦးခေါင်းပိုင်းကို အဓိက ကာကွယ်ရန်ဖော်ပြထားသည်။

စစ်ရေးသတင်းများကို အမြဲအပြတ် ရယူရန်နှင့် စစ်ကြောင်းထိုးချိန်များနှင့် ထိတွေ့ တိုက်ပွဲများအတွင်း တပ်စခန်းများမှ ခြေလျင်ပစ်ကူအဖြစ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်သည်ကို သတိချပ်ရန် အကြံပြုထားသည်။

စစ်တပ်သည် စစ်ရေးပြင်းထန်မှုပေါ်မူတည်ကာ အခြေစိုက်စခန်း များအပြင် တင့်ကားများ၊ သံချပ်ကာကားနှင့် ဟောင်ဝေဇာများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်နိုင်သည်ကိုလည်း NUGက သတိပေးထားသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်စဉ်အတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်လက်နက် ပစ္စည်းများကို ထိခြင်း၊ ကိုင်ခြင်း၊ နေရာရွှေ့ခြင်းများ မပြုလုပ်ရန် တားမြစ်ထားပြီး ယင်းတို့ကို တွေ့ရှိပါက သက်ဆိုင်ရာ ကာကွယ်ရေးအဖွဲ့များကို ဆက်သွယ် အကြောင်းကြားရန် နှိုးဆော်သည်။

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရပါက အရေးပေါ်ဆေးကုသမှုခံယူနိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများ၏ ဆက်သွယ်ရန် နံပါတ်များကို ရယူထားရန်လည်း အကြံပြုသည်။

ဒေသတွင်းရှိ ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း NUGက တိုက်တွန်းထားသည်။

၂၀၂၄အတွင်း ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များအပေါ် အခြေခံ၍ နိုင်ငံတကာ ပဋိပက္ခ အညွှန်းကိန်းများအရ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် လက်နက်ကိုင် ပဋိပက္ခ ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်ကြောင်း၊ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ဒီဇင်ဘာလကုန်အထိ မြေမြှုပ်မိုင်းအပါအဝင် အမြောက်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်ပေါင်း ၇,၅၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြသည်။

ယင်းတို့အနက် အကြမ်းဖက်စစ်တပ်က စစ်ရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေး ရည်ရွယ်ချက် အမျိုးမျိုးဖြင့် အရပ်သား နေရာများနှင့် လူနေအိမ်များကို အမြောက်များ၊ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုများကြောင့် လူ့အသက်သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ဆိုးရွားစွာ ကြုံတွေ့နေရသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် လူအများ အိပ်စက်အနားယူသည့် ညအချိန်များတွင် လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်လေ့ရှိသဖြင့် အရပ်သားပြည်သူထိခိုက်မှုများ ပိုမိုများပြားခဲ့ရကြောင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် အဆိုးဆုံး ဖြစ်ပွားနေကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် လက်နက်ကြီးများဖြင့် အရပ်သား နေထိုင်ရာများကို တိုက်ခိုက်ခြင်းအပြင် ဒရုန်း၊ တိုက်လေယာဉ်များဖြင့်လည်း ပြည်သူနေထိုင်ရာကျေးရွာများ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ကျန်းမာရေးအဆောက်အဦးများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိနေကြောင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄၂ဦးသေဆုံးပြီး ၃၆၈ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၂၀၀ ကျော် နှင့် စာသင်ကျောင်း ၁၂ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦး ၂၇ လုံး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အသီး ၁၅လုံး ထိခိုက်ပျက်စီးခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။