မတ် ၂၀၊ ၂၀၂၅။ဟန်နွေ/People’s Spring
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် စျေးဝယ်ထွက်သည့် စစ်ကောင်စီတပ်သားများအား တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး သေနတ်သုံးလက်သိမ်းရခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် ဒူကရစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
မတ်လ ၁၈ရက် နံနက်က ထားဝယ်မြို့ ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများ ဈေးဝယ်ထွက်ချိန်လမ်းခုလတ်၌ စီးနင်းပစ်ခတ်ခဲ့ခြင်းဟု ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF)က ယနေ့(မတ်လ ၂၀ရက်)တွင် ထုတ်ပြန်သည်။
” ဘုရားမဲ စစ်ဆေးရေးဂိတ်ဆိုတာ ရှိတယ်။ ထားဝယ်မြို့ ရောက်ခါနီးမှာ။ အဲဒီမှာ ကျတော့အင်အား ၄၀လောက်နဲ့ တပ်စွဲထားတဲ့။အဲဒီ မျက်စောင်းထိုးမှာလည်း ထားဝယ်နည်းပညာ တက္ကသိုလ်ရှိတယ်။ အဲဒီမှာလည်း အင်အား ၂၀လောက်ခွဲပြီး တပ်စွဲထားတာ။ အခုက နည်းပညာတက္ကသိုလ်က ထွက်လာတာ။ စစ်ကောင်စီတပ်သားနဲ့ ရဲရောပြီးနေတာ။ အခုပစ်တာက သုံးယောက် ပေါ့။ထွက်လာတာကတော့ လေးငါးယောက်လောက်ရှိမယ်။ ဂိတ်ရဲ့မျက်စောင်းထိုးလေး တော်တော်လေးကိုနီးတယ် ဂိတ်နဲ့က”ဟု ဒူကရစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

Public Service Announcement
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ဦး သေဆုံးကာ လက်နက် ၃လက်ရသည်ဟု အသိပေးထားသည်။ သိမ်းရခဲ့သည့် လက်နက်များမှာ BA 63 (G3) ၂ လက်၊ BA 64(G4) ၁ လက် နှင့် ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း YPPDFက ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုအား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၏ ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အသိပေးသည်။
ထားဝယ်ခရိုင်အတွင်း တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်လာပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေတပ် ပစ်ကူများ ပြုလုပ်နေသည်ဟုဆိုသည်။ ထို့ပြင် စစ်ကြောင်းများလည်းမနားတမ်း စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ယခင်ထက်ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
“စစ်ရေးပြင်တာက အင်အားသစ်တွေပေါ့ လူငယ်ပိုင်းတွေနဲ့ သူတို့ရဲ့ ထိန်းချုပ်ထားတဲ့နေရာတွေ ဆုံးရှုံးမှာ စိုးလို့ တော်တော်လေးပြင်လာတာတော့ရှိတယ်။ စခန်းတခုဆိုရင်လည်း အရင်ကထက် တော်တော်လေးအခိုင်မာ ဆောက်ပြီး ပြင်တာရှိတယ်။ ပြီးတော့ ကင်းပုန်းတွေ အရင်ကထက် ကာကင်းတွေလုပ်လာတယ်။ သူတို့ ထိန်းချုပ်နယ်မြေဝန်းကျင်ဆို လုံး၀ အပြည့်ပြင်ဆင်ထားတာမျိုးတွေရှိတယ်။”ဟု ဒူကရစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြည်သူများအနေနှင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန်ဖြစ်၍ စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန်လည်း YPPDFက တိုက်တွန်းထားသည်။
“အခုဆိုရင် တနင်္သာရီတိုင်းအတွင်းမှာလဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကိုတွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ရေးသတိလေကြောင်းကာကွယ်ရေးအသိပေးချက်တွေကို နားစွင့်နေကြရန်ပြောလိုပါတယ်ခင်ဗျား”ဟု ရေဖြူ PDF တာဝန်ရှိသူက ပြောသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသောစစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြရန်လည်း ဖိတ်ခေါ်ခဲ့သည်။
ဒေသတွင်း PDFနှင့် တော်လှန်ရေးအင်အားစုများ စုဖွဲ့ထားသည့် ဒူကရစစ်ကြောင်းသည် မတ်လ ၁၃ရက်ကလည်း လောင်းလုံမြို့နယ် လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကိုလည်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၆နာရီ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု ရှိခဲ့ကြောင်း ဒူကရစစ်ကြောင်းက အသိပေးထားသည်။
အလားတူ မတ်လ ၇ရက်ကလည်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဒူကရစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း အသိပေးထားသည်။
