နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တဲ့ ဖူဂျီမီးတောင်ကြီးသာအကြီးအကျယ်ပေါက်ကွဲခဲ့မယ်ဆိုရင်ဘယ်လိုစီမံတုံ့ပြန်ရမလဲဆိုတာကို ဂျပန်အစိုးရက ခန့်အပ်တဲ့ အဖွဲ့တစ်ခုက သုတေသနပြု ဆန်းစစ် လေ့လာနေကြပါတယ်။
ကျူရှူးကျွန်းပေါ်မှာ တည်ရှိပြီးဂျပန်နိုင်ငံရဲ့အထိမ်းအမှတ် သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ဖူဂျီမီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်၊ ၁၇၀၇ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ဖူးပါတယ်။
မီးတောင်ပညာရှင်တွေ၊ ကပ်ဘေးဆိုင်ရာ တုံ့ပြန်စီမံရေး ကျွမ်းကျင်သူတွေ ပါဝင်တဲ့အဖွဲ့ဟာ မျက်မှောက်ကာလမှာ ဖူဂျီမီးတောင် ပြင်းပြင်းထန်ထန် ပေါက်ကွဲပြီး ချော်ပြာတွေ အလုံးအရင်း မှုတ်ထုတ်လာမယ်ဆိုရင် ဘယ်လို အခြေအနေတွေ ရင်ဆိုင်လာရမလဲ ဆိုတာကို ဆန်းစစ် လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

Public Service Announcement
တကယ်လို့ ဖူဂျီမီးတောင်သာ ပြင်းပြင်းထန်ထန် ပေါက်ကွဲမယ်ဆိုရင် တိုကျိုမြို့တော်ရဲ့ ကျယ်ပြန့်တဲ့ဧရိယာတော်တော်များများ၊ကာနာဂါဝါဒေသတွေကိုချော်ပြာတွေဖုံးလွှမ်းသွားနိုင်ခြေရှိပါတယ်။
အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင် တိုကျိုရဲ့လူနေထူထပ်တဲ့ နေရာတွေနဲ့ တခြား မီးတောင်ပတ်ဝန်းကျင် ဒေသတွေမှာ နေထိုင်သူတွေ တစ်စုတဝေးတည်း ခပ်မြန်မြန် ထွက်ပြေးနိုင်ဖို့ ဆိုတာက လက်တွေ့ မကျတော့ကြောင်း ပညာရှင် အဖွဲ့ကကောက်ချက် ချထားပါတယ်။
တုံ့ပြန်ရေးအစီအစဉ်အနေနဲ့ကတော့ လူနေဧရိယာတွေထဲ ကျဆင်းလာမယ့် ချော်ပြာတွေရဲ့ထုထည် ပမာဏကို မူတည်ပြီး သတိပေးချက် အဆင့်ကို ၄ ခု ခွဲခြား သတ်မှတ်ထားပါတယ်။
အဆင့် ၁ ကတော့ ထုအားဖြင့် ၃ စင်တီမီတာအောက်သာ ရှိတဲ့ ချော်ပြာတွေ ကျဆင်းတဲ့ နေရာတွေဖြစ်ပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ မလိုဘူးလို့ ဆိုပါတယ်။ ဒေသခံတွေ အနေနဲ့ လုံခြုံတဲ့ အမိုးအကာတွေအောက်မှာ ယာယီ ခိုလှုံနေရုံနဲ့ လုံလောက်ပါတယ်။
အဆင့် ၂ ကတော့ ၃ စင်တီမီတာကနေ ၃၀ စင်တီမီတာထိ ချော်ပြာတွေ အများအပြား ကျဆင်းပေမယ့် လျှပ်စစ်မီး၊ သောက်သုံးရေစတဲ့ အခြေခံ လိုအပ်ချက်တွေ အမြန်ဆုံး ပြန်လည် ပြင်ဆင်နိုင်တဲ့ ဒေသမျိုးတွေကို သတ်မှတ်ပါတယ်။ အဆင့် ၁ နဲ့ ၂ အတွင်း အကျုံးဝင်တဲ့ နေရာတွေမှာ ရှိနေသူတွေဟာ ချက်ချင်း ရွှေ့ပြောင်းစရာ မလိုဘူးလို့ သုတေသန အဖွဲ့က ဆိုပါတယ်။
အဆင့် ၃ ကတော့ ၃ စင်တီမီတာနဲ့ ၃၀ စင်တီမီတာကြား ထုထည်ရှိတဲ့ ချော်ပြာတွေ ကျဆင်းပြီး အရေးပေါ် အခြေခံ အဆောက်အအုံတွေ ပြန်ပြင်ဆင်ဖို့ ခက်ခဲမယ့် နေရာမျိုးတွေ ဖြစ်ပါတယ်။
အဆင့် ၄ သတ်မှတ်ချက်ကတော့ချော်ပြာတွေ ၃၀ စင်တီမီတာထုထည်ထက် ပိုပြီး ထူထူထပ်ထပ် ကျဆင်းတဲ့ နေရာတွေ အကျုံးဝင်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုကြီးကြီးမားမားရှိတာကြောင့် ချက်ချင်း အရေးပေါ် ရွှေ့ပြောင်းမှုတွေ လိုအပ်တဲ့ ဇုန်တွေ ဖြစ်ပါလိမ့်မယ်။
မီးတောင်ပေါက်ကွဲမှုဖြစ်လာပြီး ရုတ်တရက်မရွှေ့ပြောင်းနိုင်တဲ့ အခြေအနေမှာလည်း ဒေသခံတွေဟာ နှစ်ပတ်စာလောက် ဖူလုံမယ့် ရိက္ခာခြောက်တွေကြိုတင် စုဆောင်းထားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုထားပါတယ်။ နောက်ပြီး အစိုးရ အနေနဲ့ မီးတောင်ချော်ပြာတွေ ကျဆင်းမှု ဖြစ်နိင်ခြေ ခန့်မှန်းချက်တွေ အပါအဝင်သတင်းအချက်အလက်တွေ ထိထိရောက်ရောက် ဖြန့်ဝေပေးမယ့် စနစ်တစ်ခုထူထောင်ထားသင့်ကြောင်းလည်း အကြံပြုခဲ့ပါတယ်။
ဗဟိုအစိုးရအပြင် ဒေသဆိုင်ရာ အစိုးရတွေကပါ လိုအပ်လာရင်အရေးပေါ် ရွှေ့ပြောင်းမှု လမ်းကြောင်းတွေကို ကြိုတင် စီစဉ် ရွေးချယ်ထားသင့်ကြောင်းလည်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
ဂျပန်ဟာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်မှုတွေနဲ့ ပတ်သက်ရင် အားကောင်းတဲ့ နိုင်ငံတစ်ခု ဖြစ်ပေမယ့် မီးတောင်ချော်ပြာတွေ အလုံးအရင်း ကျဆင်းလို့ လူအများအပြား ရွှေ့ပြောင်းရတဲ့ အခြေအနေမျိုး မကြုံဖူးတာ နှစ်ပေါင်း ၁၀၀ လောက် ရှိနေပြီ ဖြစ်တဲ့အတွက် အဲဒီကိစ္စမျိုးအတွက် ထိထိရောက်ရောက် ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်လာနေပြီလို့ တိုကျို တက္ကသိုလ် ပါမောက္ခ အမ်မရီတက်စ် ဖူဂျီး တိုရှီဆူဂါက ပြောကြားသွားပါတယ်။
ဂျပန်မှာအမြင့်ဆုံးဖြစ်ပြီး ၃၇၇၆ မီတာ(၁၂၃၈၈ ပေ). အမြင့်ရှိတဲ့ မီးတောင်ကြီး ၁၇၀၇ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ချိန်မှာ ၁၆ ရက်ကြာမြင့်ခဲ့ပြီး မျက်မှောက်ခေတ် တိုကျိုမြို့လယ်ခေါင် ဖြစ်လာမယ့် နေရာမှာ ၄ စင်တီမီတာလောက် ထုရှိတဲ့ ချော်ပြာတွေ ဖုံးလွှမ်းခဲ့ဖူးတယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
ကိုးကား-Japan Today


















































