Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် ဘုန်းကြီးကျောင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သံဃာတစ်ပါးပျံလွန်တော်မူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်၍ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

မတ်-၂၃၊၂၀၂၅။ဟန်နွေ/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းအား စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သံဃာ တစ်ပါး ပျံလွန်တော်မူကာ နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊လက်ပယ်ရွာရှိ စစ်ကောင်စီတပ်က KNU တပ်မဟာ(၁) သထုံခရိုင် ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအား မတ်လ ၂၁ရက်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ဘုန်းကြီးကျောင်းအမိုးပေါ် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ၍ နှစ်ပါး လက်နက်ကြီး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ရှမ်းမြောက်၊ နောင်ချိုမြို့ရှိ ဘုန်းကြီးကျောင်းကိုလည်း မတ်လ ၁၆ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာ ၂ပါး ၊ ကိုရင် ၅ပါး အပါအဝင် ပြည်သူ ၁၀ဦး သေဆုံးခဲ့ရပြီး သံဃာ ၁ပါး၊ ကိုရင် ၁၃ပါး အမျိုးသမီးနှင့်ကလေးငယ်များ အပါအဝင် ၂၀ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် စစ်ကိုင်း၊ မကွေး၊ မန္တလေး တိုင်းများတွင်လည်း စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်နေ၍ ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ယခုအခါတွင် လေကြောင်းဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း သာသနာနယ်မြေများသို့ ကြိမ်ဖန်များစွာ တိုက်ခိုက်လာပြီး လွန်စွာစက်ဆုပ်ဖွယ်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်းလည်း KNUက ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ နေရာများ၊ ကလေးငယ်များစာသင်ကြားရာ စာသင်ကျောင်းများ၊ ကျန်းမာရေး အဆောက်အဦးများကိုလည်း ပစ်မှတ်ထားသည့် လေကြောင်း လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုများ နိုင်ငံတဝန်းလုပ်ဆောင်လျပ်ရှိရာ အရပ်သားပြည်သူ သေဆုံးထိခိုက်မှု မကြာခဏ ရှိခဲ့သည်။

စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်)တွင် စာမေးပွဲဖြေဆိုသည့် ကျောင်းသူ ကျောင်းသားများ ရာဘာတောထဲ၌ စာမေးပွဲဖြေဆိုခဲ့ရကြောင်း KNUက အသိပေးထားသည်။

စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများကို ပစ်မှတ်ထား မီးရှိုဖျက်ဆီးမှုများ တိုက်ခိုက်မှုများသည် စစ်တပ်အာဏာမသိမ်းခင်ကတည်းက စစ်အာဏာရှင် အဆက်ဆက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မတ်လ ၂၂ရက်တွင် ပြောသည်။

” သူတို့ စစ်တပ်တွေရွာတွေထဲ ဝင်လာပြီဆို ဘာကို အဓိကထားလဲ ကျနော်တို့ သတိထားမိတာ အဓိက ကျောင်းတွေရှိလား အဲဒီကျောင်းရှိရင် ကျောင်းကို ပထမဆုံးဖျက်ဆီးတယ် မီးရှို့ပစ်လိုက်တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

၎င်းကိုယ်တိုင် KNU တပ်မဟာ(၂)နယ်မြေ၌ရှိစဉ် ၁၉၉၀ ကျော်ကာလကျောင်းဆရာဘ၀တွင် ကြုံခဲ့ရသည်မှာ စာသင်နေချိန် စစ်ကြောင်းဝင်လာ၍ ကျောင်းကိုရပ်ပြီး တောထဲသို့ ရွှေ့ကာ မိုးရာသီ၌ပင် ယာယီဝါးတဲများဖြင့် စာသင်ကြားမှုပြုလုပ်ခဲ့ရဟု ပဒိုစောတောနီးက ပြောပြသည်။

“အဲဒါတွေက ကျနော်တို့ ကော်သူးလေ ဂွင်တပြင်လုံးမှာ အကုန်လုံး ဖြစ်နေကြတယ်။ အခုလိုမျိုးဆို ပိုဆိုးတာပေါ့ လေယာဉ်နဲ့ ဗုံးကြဲတယ်ဆိုတာ”ဟု ပဒိုစောတောနီးက စစ်ကောင်စီနှင့် အာဏာရှင် အဆက်ဆက်က စာသင်ကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှု အခြေအနေကို ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊နိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ ၁၉ရက် ကြေညာချက်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ပြည်သူများစွာ စွန့်ခွာထွက်ပြေးနေရပြီး စာသင်ကျောင်း၊ ဆေးရုံ ကဲ့သို့ အရေးကြီး အဆောက်အဦးများဖျက်ဆီးခံနေရကြောင်း၊ ထို့ပြင် ဘာသာရေးဆိုင်ရာ နေရာများနှင့် အရပ်သား ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေမှုများသည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု ဆိုင်ရာ အကျပ်အတည်း၏ ဆိုးရွားလျက်ရှိသည့် အခြေအနေကို ဖော်ပြလျက်ရှိကြောင်း အသိပေးပြီး စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

ထို့ကြောင့် မြန်မာပြည်သူများကို စောင့်ရှောက်ရန်အတွက် ခိုင်မာအားကောင်းပြီး စည်းလုံးညီညွတ်သည့် နိုင်ငံတကာတုံ့ပြန်ဆောင်ရွက်ချက်များ အရေးတကြီးလိုအပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင် စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူလေးဦးသေဆုံးခဲ့ကြောင်း ပဲခူးခရိုင်ပကဖ မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်(ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။