Connect with us

Hi, what are you looking for?

သတင်း

ငလျင်ဘေးကြီးသင့်ပြီးချိန် ဗုံးကြဲ​နေသော စစ်ကောင်စီနှင့် ရင်ကြားစေ့ရေးလုပ်ရန်​​ စာရေးသားတိုက်တွန်းသူများ​ပေါ်လာ

စစ်အုပ်စု၏ အကြမ်းဖက်မှု သဘာ၀ဘေးထက်ပိုများသကဲ့သို့ သဘာ၀ဘေးကို အသုံးချပြီး အာဏာတည်မြဲရေး ကြိုးပမ်းနေမှု သတိပြုရန် AAPP တာဝန်ရှိသူ တုံ့ပြန်

Rescue teams work to save residents trapped under the rubble of the destroyed Sky Villa Condominium development in Mandalay on March 29, 2025, a day after an earthquake struck central Myanmar. More than 90 people could be trapped inside the crushed remains of an apartment block in Mandalay in central Myanmar destroyed by a devastating earthquake, a Red Cross official told AFP on March 29 as rescuers worked to free the victims. (Photo by Sai Aung MAIN / AFP) (Photo by SAI AUNG MAIN/AFP via Getty Images)

ထားမြတ်/People’s Spring

ငလျင်ဘေးဖြစ်ပေါ်လာချိန်တွင် စစ်ကောင်စီ နှင့်ရင်ကြားစေ့ရန်၊ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ စကားပြောရန် စစ်ကောင်စီပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ ပါဝင်နေသည့် ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးလှမောင်ရွှေ နှင့် ISP-Myanmar ၏ ပြည်ပဆက်ဆံဆက်သွယ်​ရေးဒါရိုက်တာဦးအောင်သူငြိမ်းတို့ကလူမှုကွန်ရက်မှတဆင့် ရေးသားလာကြသည်။

“ ဒီနိုင်ငံမှာ အနာဂတ်ရှိတယ်လို့ ထင်သေးလား” ခေါင်းစဉ်ဖြင့် ဦးအောင်သူငြိမ်းက ရေးသားထားသည့်စာတွင်နိုင်ငံ့အနာဂိတ် ရှိသေးသည်ထင်ပါက ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး လုပ်ရန် ရေးသားကာ အနာဂတ်မရှိတော့ဘူးထင်ပါက သင့်တော်ရာ သွားနေကြပါတော့ ဟု ရေးသားထားသည်။

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြစဉ်ပြည်သူများ ကြွေးကြော်ခဲ့သည့် သွေးကြွေးမှာ ဆွေးနွေးစရာမရှိ ဆိုသည့် စကားရပ်ကို အောင်သူငြိမ်းက အစွန်းရောက်သည့် ကြွေးကြော်သံဟု ရေးသားခဲ့သည်။

Public Service Announcement

Public Service Announcement

“အခုအခြေအနေမှာ လူတကာပြစ်တင်ဖယ်ကျဉ်ခံနေရတဲ့ အခြေအနေကနေလူသားချင်းစာနာမှု အကူအညီတွေ ပူးပေါင်းဆောင်ရွက်ရင်း မြန်မာနိုင်ငံကို သံတမန်ရေး အဖယ်ကျဉ်ခံဘ၀ကနေ လွတ်မြောက်ရဖို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းနိုင်ပါသေးတယ်” ဟုလည်း အောင်သူငြိမ်းက ရေးသားခဲ့သည်။

အလားတူ ဦးလှမောင်ရွှေကလည်း “ငလျင်လှုပ်ပြီး (၂၂)နာရီအကြာ အတွေး” ဟု ခေါင်းစဉ်ဖြင့် ရေးသားခဲ့ရာ ၂၀၀၈ နာဂစ်မုန်တိုင်းကာလထက်စာလျင်ယခုငလျင်ဘေးတွင်ပြည်ပအကူအညီများ စောလျင်စွာရရှိနေကြောင်း နှင့် တရုတ်၊ အိန္ဒိယ၊ရုရှား တို့၏ အကူအညီများလာရောက်မှုကို ရေးသားဖော်ပြထားသည်။

ထို့ပြင်ငလျင်လှုပ်ပြီးနောက် နော်ဝေး အပါအဝင် နိုင်ငံ ၈ နိုင်ငံမှ မိတ်ဆွေများက အမျိုးသားရင်ကြားစေ့ရေး အလုပ်များ လုပ်မရဘူးလားဟုမေးလာကြောင်းလည်း ၎င်းက ဆိုသည်။

“အဓိကကျတဲ့ တာဝန်ရှိသူတွေ တကယ်လုပ်နိုင်မလုပ်နိုင် ကျနော် မသိနိုင်သေးပါ။ လုပ်နိုင်ရင် ကောင်းတာပေါ့” ဦးလှမောင်ရွှေက ရေးသားခဲ့ပြီး ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်ကြိုးစားမည်ဟု ဖော်ပြသည်။

ဦးအောင်သူငြိမ်းနှင့်ဦးလှမောင်ရွှေတို့၏ရေးသားချက်တွင်သဘာ၀ဘေးကြုံနေရချိန်စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု၊ စစ်တပ်အာဏာသိမ်းပြီး ပြည်သူများအပေါ် အကြမ်းဖက်မှုများကို ဖော်ပြထားခြင်းမရှိဟု စစ်အာဏာရှင်ဆန့်ကျင်ရေး ကဏ္ဍအသီးသီးမှ ပါဝင်လုပ်ကိုင်နေသူတို့က ပြန်လည်တုံ့ပြန်ခဲ့ကြသည်။

“ကိုအောင်သူငြိမ်း က အနာဂတ်ရှိတယ် ထင်သေလားမေးတော့ —

တိုင်းပြည် က အနာဂတ်ပျောက်တာကြာနေပြီ၊ အခုမှ အနာဂတ် ရှိတယ်လို့ ထင်သေးလားဆိုတော့ —? စစ်မှုထမ်း ဥပဒေကြောင့် လူငယ်တွေ အနာဂတ်ပျောက်သွားတာကြာပေါ့၊ လေယာဉ်နဲ့ ဗုံးကြဲလို့ လူငယ်တွေ သေတာ ငလျင်ထက်များပေါ့၊ စစ်အုပ်စုရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ လူငယ်တွေ ဘဝပျက်ရတာများပေါ့ – ပြောရရင်တော့ အများကြီးပေါ့၊ ဒီအကြမ်းဖက် စစ်အုပ်စုရဲ့ ရက်စက်မှု က သဘာဝ တရားရဲ့ ရက်စက်မှုထက် ပိုများပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြန်လည်ရေးသားခဲ့သည်။

စစ်အုပ်စု ၏ ရက်စက်မှု ကို မျက်ခြေမပြတ်ရန်လည်း ဦးဘိုကြည်က သတိပေးသည်။

“သဘာဝဘေးအန္တရာယ်ကို စစ်အုပ်စု ကအသုံးချပြီး သူ့အာဏာတည်မြဲရေးဖြစ်သွားမှာကိုတော့ သတိထားသင့်တယ်။ လူမိုက်ကလူအများကြီးမသတ်နိူင်ဖူး၊ ကလောင် က လူအများကြီး ပိုသတ်နိုင်တယ် -ဓါးသွားထက် ကလောင်သွားက ပိုထက်တယ် ဆိုတဲ့ စကား ကိုရှေးလူကြီးတွေ ပြောခဲ့တာ သတိထားဖို့လိုမယ်၊မဝေးသောအတိတ်တွေ၊လက်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ရက်စက်မှုတွေ က သတိထားဖို့၊အယုံမလွယ်ဖို့ လိုမယ်ဆိုတာ မီးမောင်းထိုးပြနေတယ်။ ကောင်းသလိုလိုနဲ့မကောင်းဖူးဆိုတာ လောကမှာ အများသား” ဟု ဦးဘိုကြည်က တုံ့ပြန်ရေးသားသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မဟာဗျူဟာအကြံပေးအဖွဲ့ဝင်စောကပိကလည်း “ဟုတ်ကဲ့ အခုလိုတစ်တိုင်းပြည်လုံး ဒုက္ခတွေဝေနေချိန်မှာ တိုင်းပြည်ရဲ့အနာဂတ်ရှိသေးတယ်လို့မြင်တယ်ဆိုရင် ဒါမှမဟုတ် အနာဂတ်ရှိစေချင်သေးတယ်ဆိုရင် စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့လေယဉ်နဲ့ဗုံးပတ်ကြဲတဲ့အစီအစဉ်တွေရပ် ၊ နိုင်ငံရေးအကျဉ်းသားတွေအကုန်လွှတ်ပြီး နိုင်ငံငြိမ်းချမ်ရေးအတွက်ဆွေးနွေးဖို့ကမ်းလှမ်းသင့်တယ်။ တိုင်းသူပြည်သားတွေအပေါ်ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေကို နိုင်ငံ့အနာဂတ်အကျိုးအလို့ငှါ မာနခဝါချ တောင်းပန်သင့်တာပေါ့ — ရိုးရိုးလေး လူသားဆန်ဖို့ပဲလိုတာပါ”ဟု တုံ့ပြန်ရေးသားထားသည်။

တော်လှန်ရေးပါဝင်နေသည့်ကလိုစေးထူးကလည်း

“ငလျင်လှုပ်တာကို အကြောင်းပြုပြီး အမျိုးသား ရင်ကြားစေ့ရေး ဘာညာ စကားတွေနဲ့ “ပဋိပက္ခတွေ ရပ်နိုင်ရင် ကောင်းပါတယ်၊ အနည်းဆုံး လျှော့ချနိုင်ရင် ကောင်းပါတယ်” ဆိုတဲ့ စကားမျိုးတွေ ရေးထားတဲ့ ဦးလှမောင်ရွှေရဲ့ စာတပုဒ် ဖတ်လိုက်ရတယ်။ အလားတူ နောက်ထပ် စာတပုဒ်ကိုလည်း “ဒီနိုင်ငံမှာ အနာဂတ် ရှိတယ်လို့ ထင်သေးလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဦးအောင်သူငြိမ်း ရေးထားတာကို ထပ်ဖတ်ရပါတယ်။ ထိုဆရာတွေ ရေးကြတဲ့ အလိုအရတော့ ဒီလို ကပ်ဘေးတွေအကြောင်းပြုပြီး တခြားနိုင်ငံတွေမှာတော့ ဘယ်လိုဘယ်ပုံ ငြိမ်းချမ်းရေး ရခဲ့တဲ့ သာဓကတွေ ရှိပါတယ်ပေါ့လေ…။ ကျွန်တော်တို့ နိုင်ငံရော အဲဒီလို ပြောင်းလို့ မရနိုင်ဘူးလား..ပေါ့။ပြန်လည်ထူထောင်ရေးကို အတူတူ လုပ်ကြရင်း ငြိမ်းချမ်းကြမလား..ပေါ့”ဟု ရေးသားခဲ့သည်။

ဦးလှမောင်ရွှေ၊ ဦးအောင်သူငြိမ်းတို့က ငြိမ်းချမ်းရေးကို လိုလားဟန် ရေးထားသော်လည်း စစ်ကောင်စီ၏ ငလျင်ဘေးအပြီးဗုံးကြဲတိုက်ခိုက်မှုများကို တခွန်းတပါဒမှ မဟကြဟု ထောက်ပြသည်။

“ငြိမ်းချမ်းရေး ဆိုတဲ့ စကားက အင်မတန် နားထောင်လို့ ကောင်းပါတယ်။ တိုင်းပြည်အတွက် တကယ် လိုချင်စရာလည်း ကောင်းတဲ့ အရာ တခု၊ တကယ်ကိုလည်း လိုအပ်တဲ့အရာတခုဆိုတာလက်ခံပါတယ်။ ဒါပေမယ့် ဘယ်လို ငြိမ်းချမ်းရေးမျိုးလဲ။ ဘယ်လို အရာမျိုးကို ငြိမ်းချမ်းတာလို့ သတ်မှတ်မှာလဲ။ ဒီတိုင်းပြည်မှာ ငါတို့ပဲ အမြဲ ဗိုလ်ကျမယ်၊ ငါတို့ပဲ လုပ်ချင်တာ လုပ်မယ်၊ ထဆိုထိုင် ထဆိုထ၊ ပြန်မပြောနဲ့၊ ပြန်ပြောရင်သိတယ်မှတ်လား။

အခုလို ငါတို့ကို ပြန်ခံချတော့ ပြည်သူပဲ နာတာ တွေ့တယ်မှတ်လား” ဆိုတဲ့ အပေါက်မျိုးဟာ တကယ့် ငြိမ်းချမ်းရေးလား ဆရာတို့ရေ” ဟု ကလိုစေးထူးက မေးခွန်းထုတ်သည်။

“သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ” ဆိုသည့် စကားကို အစွန်းရောက်သည်ဟု ဦးအောင်သူငြိမ်း၏ ​ရေးသားမှုကိုလည်း ကလိုစေးထူးက ပြန်လည်ရှင်းပြသည်။

“အဲဒီစကားဟာဒီတိုင်းပြည်ကိုတကယ်ကို ကောင်းရာမွန်ရာ အခြေအနေ တခုဆီ ရောက်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့သူပေါင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကနေ၊ အပြစ်မဲ့ ပြည်သူတွေဆီကို အလုံးပေါင်းများစွာ ကြဲချခံရတဲ့ ဗုံးသံတွေကနေ တန်ပြန်လာတဲ့ ပဲ့တင်သံတွေပါ ဆရာ…။အလကားနေရင်းနဲ့ တိုင်းပြည်ကို ရန်မီးထဲ တွန်းပို့နေတဲ့ စကားမဟုတ်ပါဘူး”ဟု ကလိုစေးထူးက ရှင်းပြခဲ့သည်။

ငြိမ်းချမ်းရေး အစစ်အမှန်က ဘာဖြစ်သည်ကို ဦးအောင်သူငြိမ်း၊ ဦးလှမောင်ရွှေတို့ မသိနိုင်စရာ အကြောင်းမရှိဟု ၎င်းက ပြောသည်။

“သဘာဝဘေး တွေ့နေချိန်မှာတောင် ဗုံးကြဲနိုင်သေးတဲ့ စစ်တပ်ကို မျက်ကွယ်ပြုထားတဲ့ ဆရာတို့ရဲ့ ဖြန်ဖြည်လေဟန် စကားတွေကို ဆရာတို့ဘာသာပဲ ပြန်သုံးသပ်ကြပါဦး။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်ပါတယ်။ ဒီ မအလ စစ်တပ်ဟာ ဘယ်တုန်းကမှ ငြိမ်းချမ်းရေး လိုချင်ခဲ့တဲ့ အစုအဖွဲ့ မဟုတ်သလို၊ ဘယ်တော့မှလည်း စေ့စပ်ညှိနှိုင်းလို့ ရမယ့်ကောင်တွေ မဟုတ်ဘူး။ တိုင်းပြည်က အခု ငလျင်လှုပ်မှ ပျက်တာ မဟုတ်ပါဘူး ဆရာတို့။အဲဒီ မအလ တွေ လုယက်ခဲ့ကတည်းကိုက ပျက်နေခဲ့ပြီးသားပါ” ဟု ကလိုစေးထူးက ရေးသားခဲ့သည်။

ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးကလည်း လူထုများ ဒုက္ခရောက်ချိန် စစ်ပွဲ၌ပါဝင်သည့် နှစ်ဖက်လုံးက စစ်ကိုရပ် သေနတ်ဘေးချပြီး လူထုကို ဦးစွာ ကယ်ဆယ်ကာ ပျော်ရွှင်စရာ အခင်းအကျင်းများ ပေါ်လာသော်လည်း မြန်မာပြည်၌ မျှော်လင့်ရန်မဖြစ်နိုင်ဟု ​ပြောသည်။

“တကယ် စစ်သား စစ်စစ်တွေ နှလုံးသား ကြီးသူတွေ ဖြစ်ကြတဲ့စစ်မျိုးနေမှာမြန်မာပြည်မှာတော့ မျော်လင့်ဖို့ မဖြစ်နိုင်ဘူး။ ဒီချိန်မှာ အခွင့်ကောင်းယူပီးထိုးစစ်ဆင်ဖို့တိုက်ဖို့ တိုက်တွန်းနေသူတွေလည်းတွေ့ရ မြင်ရတယ်။ သေချာတာတော့ လုပ်ကြမှာမဟုတ်ဘူး။ ပြည်သူ့ဘက်က တပ်တွေ တပ်ဖွဲ့ဝင်တွေဟာပြည်သူကို မကူနိုင်လို့တောင် ယူကြုံးမရ ဖြစ်နေကြတာပါ။ မအလ တပ်ကတော့ငလျင်လှုပ်ပီးလို့ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန်မှာ ကူညီကယ်ဆယ်ရေး မလုပ်ဘဲ တော်လှန်ရေးတပ်တွေ တော်လှန်ရေးနယ်ကပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှု့တွေ မိုက်ရိုင်းစွာဆောင်ရွက်နေတာပါ” ဟုရဲဘော်ဝေကြီးက ရေးသားထားသည်။

ကူညီကယ်ဆယ်ရေးများ အင်တိုက်အားတိုက် မလုပ်နိုင်ခြင်းမှာ စစ်ကောင်စီက စစ်မှုထမ်း ပေါ်တာဆွဲမှုကို မထင်ရင် မထင်သလို ပြုလုပ်နေ၍ ဖြစ်သည်ဟုလည်းဆိုသည်။

“သဘာဝ ဘေးတွေက ရှေ့လျှောက်လည်း ကြုံရဖို့အလားအလာ ရှိတယ်။ ယုတ်ညံ့တဲ့ အာဏာသိမ်း မအလ ဆက်ရှိနေသေးရင်တိုင်းပြည်ရော လူထုရော ဒီထက် နာကြဖို့ပဲ ရှိတော့တာမို့ခုလို ရင်နာရတဲ့ အခြေအနေဆိုးတွေ မကြုံချင်တော့ဘူး။ မီးခိုးလည်း ဖယ်မီးတောက်လည်း ဆက်ငြိမ်းကြရအောင်ပါ” ဟု ရဲဘော်ဝေကြီးက စစ်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်ရန်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။