Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်အလိုမရှိကြောင်းဆန္ဒပြ ထိုင်းလူမျိုးများနှင့် ဆန္ဒပြပွဲလာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများ ရုန်းရင်းဆန်ခတ်ဖြစ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသည့် ထိုင်းလူမျိုးများ၏ ဆန္ဒပြပွဲ လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။

ဧပြီ ၅၊၂၀၂၅။နဒီ/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြသည့် ထိုင်းလူမျိုးများ၏ ဆန္ဒပြပွဲ လာရောက်ဟန့်တားသည့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။

ယနေ့(ဧပြီ ၅ရက်) နံနက် ၁၁နာရီခန့်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ UNရုံးရှေ့၌ ထိုင်းလူမှုအသင်းအဖွဲ့ဖြစ်သော Bright Future အဖွဲ့သည် နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲလာရောက်ဟန့်တားသော ထိုင်းအမျိုးသားရေးအဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)မှ နှုတ်ခမ်းမွှေး(နာမည်ပြောင်)ဦးဆောင်သော လူအချို့က မင်းအောင်လှိုင်ဆန့်ကျင်ရေးဆန္ဒပြသူများအား စတင်ရန်ရှာခဲ့ကြောင်း Bright Future အဖွဲ့နှင့် နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

” ဆန္ဒပြပွဲမှာမြန်မာတွေမပါဘူ။ အခု ထိုင်းနှုတ်ခမ်းမွှေးက လာရန်ရှာတာ။ ထိုင်းနှုတ်ခမ်းမွှေးဆိုတာ မအလ စစ်တပ်က မွေးထားတဲ့သူလိုဖြစ်နေတယ်။ အဲလို သုံးသပ်မိတယ်။ သူက တော်လှန်ရေးလုပ်တဲ့သူတွေ ရန်လိုက်ရှာနေတာ”ဟု ၎င်းက ပြောသည်။

နှစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် Bright Future အဖွဲ့မှ Surach Kiri ဆိုသူအား ထိုင်းရဲတပ်ဖွဲ့က ဘေးကင်းရာခေါ်ဆောင်သွားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

“အဖမ်းခံရတာ မဟုတ်ဘူး။ ပြန်လွတ်လာမှာ မပူနဲ့။ ဒီပွဲက ခွင့်ပြုချက်နဲ့ လုပ်တာ”ဟု ပြောသည်။

ထိုင်းနိုင်ငံ ဆန္ဒပြပွဲများတွင်ပါဝင်သည့် မြန်မာများအနေဖြင့် တိုက်ခိုက်မှုများကြုံရနိုင်သောကြောင့် ဂရုစိုက်ကြရန် MTAT(Milk Tea Alliance Thailand)က ယနေ့(ဧပြီ ၅ရက်) သတိပေးထုတ်ပြန်သည်။

နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြနေမှုအပေါ် ပါဝင်မည့် မြန်မာများအား MTATက သတိပေးခြင်း ဖြစ်သည်။

“ဆန္ဒပြပွဲအတွင်းနှင့်ပြီးပြီးနောက်တွင် အမျိုးသားရေးဝါဒကြီးသူများ၏ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ နှိပ်စက်နှောင့်ယှက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ခံနိုင်ရည်ရှိသည်။ ထို့အပြင် အစိုးရအာဏာပိုင်များမှ တိုက်ခိုက်မှုများလည်း ရှိနိုင်သည်။”ဟု MTAT က သတိပေးထားသည်။

ထို့အပြင် ဖမ်းဆီးခံရပါက မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်သလို ပြန်မပို့ပါကလည်း ဖမ်းဆီးမှုခံရနိုင်ပြီး အထောက်အထားအစုံအလင်ရှိသည့်တိုင် အာမခံအတွက် ခက်ခဲနိုင်သည်ဟု ဆိုသည်။

“စာရွက်စာတမ်းများမှန်ကန်သောသူများတွင်ပါ ထိုအခွင့်အရေးများကို ထိုင်းအာဏာပိုင်များက ဖျက်သိမ်းခြင်း သို့မဟုတ် အနာဂတ်တွင် စာရွက်စာတမ်းအသစ်မှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များအတွင်း အခက်အခဲများ ဖြစ်ပေါ်နိုင်သည်။”ဟု MTATက ထုတ်ပြန်ထားသည်။

ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်သူများအနေဖြင့်လည်း ထိုင်းအာဏာပိုင်များဘက်မှ စောင့်ကြည့်ခံရနိုင်‌ သောကြောင့် မည်သည့်လှုပ်ရှားမှုမဆို မိမိအန္တရာယ်ကို သေချာစွာသတိပြု၍ ပြုလုပ်ရန် နှင့်၎င်းတို့ဘက်မှ အကူအညီပေးနိုင်မှုမှာ ကန့်သတ်ချက်များရှိနေကြောင်း ဆိုသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးကတည်းက နိုင်ငံသား ၆,၀၀၀ ကျော် သတ်ဖြတ်ထားကြောင်း၊ အရပ်သား ၂၀,၀၀၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ သေဒဏ်အမိန့်ကို အသက်သွင်းခဲ့ကြောင်းနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ၃သန်းခွဲကျော်ရှိလာသည်ဟုဆိုကာ ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ရေးသားကန့်ကွက်နေကြသည်။

Milk Tea Alliance Thailandအပါအဝင် ထိုင်းနိုင်ငံရှိ လူမှုအသင်းအဖွဲ့များက ဆန္ဒပြကန့်ကွက်နေခြင်းဖြစ်သည်။ Milk Tea Alliance Thailandသည် မြန်မာစစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်သူလူထု အကျပ်အတည်းဖြစ်လာမှုနှင့် ဖမ်းဆီးသတ်ဖြတ်နေသည့်အကြောင်း ထိုင်းနိုင်ငံသားများသိရှိစေရန် ထိုင်းတက္ကသိုလ်မှ ကျောင်းသားလူငယ်များဖြင့် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။

ဧပြီ ၄ရက် ညနေ ၄နာရီခွဲကလည်း BIMSTEC အစည်းအဝေးကျင်းပသည့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက ကန့်ကွက်ဆန္ဒပြခဲ့သည်။

ထိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား ပွန်သည် အာဏာရှင်လူသတ်သမား မင်းအောင်လှိုင်အား ကြိုဆိုမည်မဟုတ်ကြောင်း ဟိုတယ်အတွင်း အော်ဟစ်ဆန္ဒပြခဲ့သည်။

ထို့အပြင် “Mik Luang Rim Nam and Fire Ram Thung” အဖွဲ့၏ ထိုင်းလူငယ်များကလည်း ဘန်ကောက်မြို့လယ်ရှိ Bangkok Art and Culture Centre ရှေ့၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ဆန္ဒပြခဲ့သည်။ “နင့်ကို ငါတို့ မကြိုဆိုဘူး လူသတ်ကောင် မင်းအောင်လှိုင်” ဟု မြန်မာဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်အချို့ ကိုင်ဆောင်ပြီး သွေးစွန်းနေသည့် အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားသည့် လူငယ်များကလည်း လက်သုံးချောင်းထောင်သည့် သင်္ကေတဖြင့် သရုပ်ဖော်ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါတစုသည် ၎င်းတို့အာဏာတည်မြဲရေးတခုတည်းကိုသာရှေးရှုပြီး ပြည်သူလူထု၏ အခွန် ဘဏ္ဍာများကို ထင်သလို အသုံးပြုနေသလို အ ချို့သောနိုင်ငံများနှင့် နျူးကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကဲ့သို့သောလုပ်ငန်းစာချုပ်များချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမျှော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေကြောင်း NUG အစိုး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲကို တရုတ်သမ္မတက အားပေးထောက်ခံသည်ဟု လိမ်လည်ဝါဒဖြန့်နေပြီး ရှီကျင့်ဖျင်မပြောဆိုသည့် စကားများကိုလည်း စစ်ကောင်စီဝါဒဖြန့်သတင်းစာများ၌ ဖော်ပြနေသည်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ် အကျိုးစီးပွားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Facebook