ဧပြီ-၁၅၊၂၀၂၅။နေ့သစ်/People’s Spring
အင်းတော်မြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ တပ်မ (၇၇)တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးအားစစ်ဆေးမေးမြန်းမှုများပြုလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။
“လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့စစ်သုံ့ပန်းတွေကိုစစ်သုံ့ပန်းဆိုင်ရာမူဝါဒတွေနဲ့အညီထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ဧပြီ ၁၅ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း အစီအစဉ်မှာဦးနေဘုန်းလတ်ကပြောခဲ့ပါတယ် ။
အင်းတော်မြို့သိမ်းတိုက်ပွဲကို PDF တပ်ရင်းတွေ ၊ABSDF ၊ KIA ၊ KPDF ၊ ပကဖ နဲ့ မဟာမိတ်တွေ ရှစ်လနီးပါးထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အင်းတော်မြို့ဟာ စစ်ကောင်စီတပ်အတွက်လည်းအရေးပါလှတာမို့ မြို့မကျအောင်လို့စစ်ကောင်စီက တိုက်စွမ်းရည်ကောင်းသလို နမည်ဆိုးနဲ့ကျော်ကြားတဲ့ တပ်မ (၇၇)လက်အောက်ခံတပ်ရင်း ငါးရင်းနဲ့ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးကိုယ်တိုင်ဦးဆောင်ပြီး ခုခံခဲ့တာဖြစ်ပါတယ်။ဂျပန်လှိုဏ်ဂူမှာ ခံစစ်အခိုင်အမာပြင်ပြီးခုခံပေမယ့်နောက်ဆုံးမှာတော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ် ။

Public Service Announcement
ဒါအပြင်နွေဦးတော်လှန်ရေးမှာ PDF တွေက စစ်တပ်ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် ၁ ယောက်ကိုစစ်သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်တာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ် ။ တပ်မမှူး တစ်ယောက်ကိုဖမ်းဆီးစစ်ဆေးပြီး NUG အနေနဲ့ တရားစီရင်မှာကလည်းနွေဦးတော်လှန်ရေးမှာပထမဆုံးဖြစ်ပါတယ်။
“ထိုးစစ်ရပ်ဆိုင်းထားတဲ့ ကာလ ဧပြီလ (၇) ရက် ည ၉း၀၀ ခန့်မှာ အင်းတော်မြို့ ဂျပန်လှိုဏ်ဂူမှာ အခြေပြုတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တပ်မ (၇၇) ဟာ ဝန်းရံပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းစွန့်လွှတ်ဆုတ်ခွာ သွားတာကြောင့် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သလို ဆုတ်ခွာထွက်ပြေးတဲ့ တပ်မမှူးနဲ့ တပ်သားတွေကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်”လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရက တပ်မ (၇၇)တပ်မမှူးကိုဖမ်းဆီးရရှိပုံကိုပြောပါတယ် ။
အင်းတော်မြို့သိမ်းတိုက်ပွဲက စစ်ကောင်စီတပ်ဆီကနေ ဟောင်ဝစ်ဇာ ၂ လက်အပြင် လက်နက်မျိုးစုံနဲ့ ခဲယမ်းတွေ၊စစ်သုံးပစ္စည်းတွေအများအပြားရရှိခဲ့ပါတယ် ။ တပ်မ (၇၇)တပ်မမှူး အပါအဝင်စစ်သုံ့ပန်း နှစ်ရာခန့်ဖမ်းဆီးရရှိတယ်လို့စစ်ရေးရင်းမြစ်အချို့ကပြောပါတယ် ။
စစ်ကောင်စီက အင်းတော်မြို့နယ်ကို ဧပြီ ၁၃ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဒါဟာ စစ်ကောင်စီဟာဖမ်းဆီးခံထားရတဲ့ တပ်မမှူး နဲ့ စစ်သားတွေကို နှုတ်ပိတ်ဖို့ကြိုးစားတာဖြစ်နိုင်တယ်လို့ စစ်ရေးရင်းမြစ်တချို့ကသုံးသပ်ပတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်နဲ့ နောင်ချိုမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေကို လေယာဥ်နဲ့ ဗုံးကြဲတဲ့လုပ်ရပ်တွေ လုပ်ဖူးပါတယ်။
