ဧပြီ ၁၈၊၂၀၂၅။အိမ်သွင်/People’s Spring
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က နင်းမိ၍ မွေးကင်းစကလေးငယ်အပါအဝင် လူငါးဦးသေဆုံးခဲ့ပြီး ဆင်လည်း လွတ်မြောက်နေဆဲဖြစ်သည်။
မှုံယိုနေသည့်ဆင်သည် ဧပြီ ၁၇ရက် နေ့ခင်းပိုင်းက ပူတာအိုမြို့နယ်၊ မူလာဒီးကျေးရွာအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးကို နင်း၍သတ်ဖြတ်ခဲ့ပြီး ညဘက်တွင် ကျေးရွာအတွင်းဝင်၍ နေအိမ်များဖျက်ဆီးစဉ် ဒေသခံလေးဦးထပ်မံသေဆုံးခြင်းဟု သတင်းရရှိသည်။
” သေဆုံးသူတွေအားလုံးက အမျိုးသမီးတွေချည်းပဲ။ ကလေးလည်းပါတယ်။ မီးနေသည်လည်းပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ဆင်ရန်ကို ကြောက်လို့ထွက်ပြေးခဲ့ရသူတွေလည်းအများကြီးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
ဆင်သည် ညဘက်တွင် ကျေးရွာထဲဝင်လာပြီး အိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အိမ်တစ်အိမ်တွင် မွေးကင်းစကလေးငယ်ရော မိခင်ဖြစ်သူပါသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယခုဆင်သည် မူလက ကုမ္ပဏီတစ်ခုကပိုင်ဆိုင်ပြီး နောက်ပိုင်းတွင် ဒေသခံတစ်ဦးကပြန်လည်ဝယ်ထားသည့် သစ်ဆွဲဆင်ဖြစ်ကြောင်း သတင်းရရှိသည်။မူလဒီးရွာဒေသခံများသည် ဆင်ရန်ကို ကြောက်၍ မူလာရှီးဒီကျေးရွာဘက်ကို ပြေးလာကြသည်။
” ဆင်ပြေးဒုက္ခသည်တွေ အများကြီးဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်မတ်လကလည်း ကချင်ပြည်နယ်တနိုင်းမြို့နယ်၊လမုန်ကျေးရွာ၊ ကျောင်းကုန်း (၂)ရပ်ကွက်အတွင်း မှုံယိုနေသည့် ဆင်ထီးတစ်ကောင်က တိုက်ခိုက်၍ ဒေသခံအမျိုးသားသုံးဦး သေဆုံးခဲ့သည်။
