ဧပြီ ၂၂၊၂၀၂၅။ရဲခေါင်/People’s Spring
ကယန်းပြည်သစ်ပါတီ(KNLP)ဥက္ကဌကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး သတ္တုတူးဖော်ရန် စီစဉ်နေသည့် သိကျိတ်ကျေးရွာ မြင်းမထိတောင်ထိပ်တွင် ဒေသခံများက ယနေ့(ဧပြီ ၂၂ရက်)တွင် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ ကယန်းဒေသရှိ မြင်းမထိတောင်တွင် ဒေသခံများ၏ သဘော ဆန္ဒမပါဝင်ဘဲ အကြီးစားသတ္ထုတူးဖော်မှုကို ကယန်းပြည်သစ်ပါတီ(KNLP) ဥက္ကဌ၏ လေးပွင့်ကြယ် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ မာစတာဝမ်ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ရန်စီစဥ်နေကြသည်ဟု ဆိုသည်။
“ဒေသခံလူထုရဲ့တောင်းဆိုချက်ကို လိုက်လျောမှုမရှိဘူး။မလေးစားဘူး”ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် ပရာဒေါင်းဆွေမျိုးစုမှလူငယ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
” လက်နက်အားကိုးပြီး ကိုယ်ကျိုးရှာသူများအလိုမရှိ”၊ “ပရာဒေါင်းဆွေးမျိုးစု နယ်မြေဒေသအတွင်း လေးပွင့်ကြယ်ကုမ္ပဏီနှင့်နောက်လိုက်နောက်ပါများ အလိုမရှိ” ၊” မြင်းမထိတောင်ကို ကာကွယ်ကြ”၊”တရုတ်နိုင်ငံမာစတာဝမ်ကုမ္ပဏီ အလိုမရှိ” စသည့် စာတမ်းများကိုင်ဆောင်၍ ဒေသခံများက ကန့်ကွက်ခဲ့သည်။
မြင်းမထိတောင်ဒေသတွင် သတ္တုတူးဖော်မည့်လုပ်ရပ်များကို အပြီးအပိုင်ဆုတ်ခွာရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုက (ဧပြီ ၁၄ရက်)တွင် ထုတ်ပြန်ထားသည်။
KNLP ဥက္ကဌသန်းစိုးနိုင်၏ လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ ဒေသခံပရာဒေါင်းဆွေမျိုးစုနှင့် ဒေသခံပြည်သူလူထုကို အသိပေးညှိနှိုင်းမှုမရှိပဲ ကုမ္ပဏီသဘောဆန္ဒဖြင့်သာ မြင်းမထိတောင်တွင် အကြီးစား သတ္ထုဝင်ရောက်တူးဖော်ထုတ်ယူခြင်းဖြစ်ကြောင်း အသိပေးသည်။
ထို့ကြောင့် ညှိနှိုင်းမှုဆုံးဖြတ်ချက်အရ လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေသအတွင်း သတ္ထုဝင်ရောက်ထုတ်ယူတူးဖော်သည့်ကိစ္စသည် ပရာဒေါင်းဆွေမျိုးစုနှင့်ပရာဒေါင်း ပြည်သူလူထုမှ လုံးဝလက်မခံနိုင်ပါသဖြင့် ပြင်းထန်စွာကန့်ကွက်သွားမည်ဟု ဆိုသည်။
ထို့အပြင် ၂၀၂၁မှစတင်ခဲ့သော နွေဦးတော်လှန်ရေး မပြီးဆုံးမချင်း ပရာဒေါင်းဆွေမျိုးစုနယ်မြေဒေ သအတွင်း အကြီးစားသတ္ထုတူးဖော်မည့် မည်သည့်ကုမ္ပဏီများကိုမဆို ပရာဒေါင်းဆွေမျိုးစုမှ (လုံးဝ) လက်ခံခွင့်မပြုကြောင်း ကြေညာသည်။
လက်ရှိ လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ လုပ်ငန်းခွင်အတွင်း ပို့ဆောင်လျက်ရှိသော ပုဂ္ဂိုလ်များ၊ လုပ်သားများ၊ စက်ယန္တရားများအားလုံးကို ယခု ဧပြီ ၂၀ ရက်တွင် နောက်ဆုံးထားပြီး အပြီးအပိုင်ဆုတ်ခွာရုပ်သိမ်းပေးရန် ပရာဒေါင်းဆွေမျိုးစုကတောင်းဆိုသည်။
တောင်းဆို အသိပေးစာအတိုင်း လေးပွင့်ကြယ်ကုမ္ပဏီလီမိတက်မှ လေးစားလိုက်နာမှုမရှိပါက နောက် ဆက်တွဲ ဖြစ်ပေါ်လာမည့်ကိစ္စများအားလုံးကို ပရာဒေါင်းဆွေမျိုးစုမှ တာဝန်ယူမည်မဟုတ်ကြောင်းနှင့် ၎င်းကိစ္စများအားလုံးကို လေးပွင့်ကြယ်ကုမ္ပဏီလီမိတက် တာဝန်ရှိသည့်ပုဂ္ဂိုလ်များမှ အပြည့်အဝတာဝန်ခံရမည်ဖြစ်ကြောင်းလည်း အသိပေးသည်။
“လေးပွင့်ကြယ်ကုမ္ပဏီက တရုတ်ကုမ္ပဏီတစ်ခုကို ၅နှစ်စာချုပ် ချုပ်ပြီးခေါ်လာတာ။ကံဆန်းရွာ (ရှမ်း -ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ် သတိကျိတ် ကျေးရွာအုပ်စု)ကနေ ရွှေ့လာတာ။လေးပွင့်ကြယ် ကုမ္ပဏီက ကယန်းပြည်သစ်ပါတီ ဥက္ကဌရဲ့ကုမ္ပဏီ”ဟု ပရာဒေါင်း ဆွေးမျိုးစုမှ ကိုအောင်နိုင်စိုးက လူထုနွေဦးသို့ ပြောသည်။
ဖယ်ခုံမြို့နယ် ကယန်းပြည်သစ်ပါတီ၏ ထိန်းချုပ်နယ်မြေ နှင့် ပရာဒေါင်းဆွေမျိုးစု ဒေသများတွင် ထွက်ရှိသည့်သတ္တုတွင် “ခဲ” သာအများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပရာဒေါင်းဆွေမျိုးစု၏ တောင်းဆိုအသိပေးမှုကို KNLP ဥက္ကဌ ဦးသန်းစိုးနိုင်ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်မှုမရှိသေးပေ။
ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစုတစ်ခု ဖြစ်ပြီး ပရာဒေါင်းဆွေမျိုးစုရှိသည့်မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ(KNLP)၏ထိန်းချုပ်နယ်မြေအတွင်းရှိနေသည်။
KNLP ဥက္ကဌနှင့် မစ္စတာဝမ်ကုမ္ပဏီ(တရုတ်ကုမ္ပဏီ)၏ သတ္တုတူးဖော်မှုကို သိကျိတ်ကျေးရွာ၏ မြင်းမထိတောင်ပေါ်၌ သတ္တုတူးဖော်ရန်ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။
သတ္တုတူးဖော်ပါက အိမ်ခြေ ၃၀ကျော်ရှိသည့် စခန်းကြီးရွာဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွှေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်း ဆွေမျိုးစုက အသိပေးသည်။
လက်ရှိကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် ဆီဘူးဒေသတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ခန့်မှန်းထားသည်။
စစ်ကောင်စီတပ်နှင့် ၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ်စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်ထိ တော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီနှင့်လည်းပူးပေါင်းသည်ကို တရားဝင် မတွေ့ရပေ။
