“အမြန်ဆုံး ချက်ချင်းပြန်လွှတ်ပေးရမယ် ဒါဟာမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်လူထုကို ဆန့်ကျင်ဖက်ဖြစ်ရင် လူထုရဲ့ အမုန်းပဲ ခံရလိမ့်မယ်”-မာဝီ (KNDF ဒုစစ်ဦးစီးချုပ်)
မေ ၁၆၊၂၀၂၅။ရဲခေါင်/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကယန်းဒေသရှိ မြင်းမထိတောင်၌ သတ္တုတူးဖော်မှုရပ်ဆိုင်းရေးတောင်းဆိုသည့် ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ကိုအောင်နိုင်စိုး ၊ နာယကဦးဘမောင်နှင့် လူငယ်အတွင်းရေးမှူးကိုမင်းနိုင်တို့ကို ကယန်းပြည်သစ်ပါတီက ဖမ်းဆီးသွားသည်။

ယနေ့(မေလ ၁၆ ရက်) နေ့လည် ၁၂ နာရီ ၄၅ မိနစ်တွင် သိကျိတ်ကျေးရွာ၌ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
“ကျွန်တော်တို့ ဆန္ဒပြနေတဲ့ကာလ ညှိနှိုင်းမယ်ဆိုပြီး ခေါ်သွားတာ။ပြီးတော့ အုပ်ချုပ်ရေးအိမ်ထဲရောက်တော့ လက်ထိပ်နဲ့ခေါ်သွားတယ်။ကျွန်တော်တို့ ပြေးဆင်းတဲ့အချိန်ရောက်တော့ မမီလိုက်တော့ဘူး”ဟု ဖြစ်စဥ်နေရာတွင် ရှိနေသည့် သိကျိတ်ရွာခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ဖမ်းဆီးခံခဲ့ရသူများအား ချက်ချင်းအမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ကယန်းပြည်သစ်ပါတီကို သိကျိတ်ဒေသခံများက ဆန္ဒထုတ်ဖော်နေကြသည်။
“ဘယ်ကိုခေါ်သွားလဲ မသိရသေးဘူး။အသက်အန္တရယ်နဲ့ လုံခြုံရေးအရမ်းစိုးရိမ်တယ်”ဟု ပရာဒေါင်ဆွေမျိုးစု၏လူငယ်တစ်ဦးက ကယန်းပြည်သစ်ပါတီက ဖမ်းခေါ်သွားသည့် ပရာဒေါင်းဆွေမျိုးစုတာဝန်ရှိသူ သုံးဦး၏ အခြေအနေကို ရှင်းပြသည်။
သိကျိတ်ကျေးရွာရှိ မြင်းမထိတောင်ပေါ်၌ ကယန်းပြည်သစ်ပါတီ(KNLP)ဥက္ကဌဦးသန်းစိုးနိုင်၏ လေးပွင့်ကြယ်ကုမ္ပဏီနှင့် မစ္စတာဝမ်ကုမ္ပဏီ (တရုတ်ကုမ္ပဏီ)သည် သတ္တုတူးဖော်နေခြင်း ဖြစ်သည်။မြင်းမထိဒေသသည် ကယန်းပြည်သစ်ပါတီ KNLP၏ ထိန်းချုပ်နယ်မြေအတွင်းရှိသည်။
ပရာဒေါင်းဆွေမျိုးစုဥက္ကဌ ကိုအောင်နိုင်စိုး ၊ နာယက ဦးဘမောင်နှင့် လူငယ်အတွင်းရေးမှူး ကိုမင်းနိုင်တို့ကို ဖမ်းဆီးသွားမှုအပေါ် KNLPထံ လူထုနွေဦးက ဆက်သွယ်နေဆဲ ဖြစ်သည်။
KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီကလည်း “အမြန်ဆုံးချက်ချင်းပြန်လွှတ်ပေးရမယ်။ဒါဟာမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ် ။လူထုကို ဆန့်ကျင်ဖက်ဖြစ်ရင်လူထုရဲ့ အမုန်းပဲ ခံရလိမ့်မယ်”ဟု ပရာဒေါင်းဆွေမျိုးစု လူငယ်များဖမ်းဆီးခံရခြင်းအပေါ် ပြန်လွှတ်ပေးရန် ၎င်း၏ ဖေ့ဘွခ်တွင်ရေးသားထားသည်။
လေးပွင့်ကြယ်ကုမ္ပဏီသည် မြင်းမထိတောင်၌ အကြီးစားသတ္တုတူးဖော်ခြင်းနှင့်ပတ်သက်၍ ဒေသခံပရာ ဒေါင်းဆွေမျိုးစုနှင့် ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ တရုတ်ကုမ္ပဏီနှင့် ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း ပရာဒေါင်းဆွေမျိုးစုက ကနဦး အသိပေးထားသည်။
ထို့ကြောင့် မြင်းမထိတောင်၌ လေးပွင့်ကြယ်ကုမ္ပဏီက ဖော်ဆောင်နေသည့်လုပ်ကွက်နှင့် လုပ်ငန်းမှန်သမျှသည် ဒေသခံပရာဒေါင်းဆွေမျိုးစု၏ ခွင့်ပြုထောက်ခံမှုမရှိသဖြင့် တရားမဝင်ကြောင်း သတ်မှတ်ပြီး ပရာဒေါင်းဆွေမျိုးစုဘက်က လေးပွင့်ကြယ်ကုမ္ပဏီနှင့်ပတ်သက်သော လုပ်ငန်းများအပြီးအပိုင် မထွက်ခွာ မချင်း ပြင်းထန်သောသပိတ်လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပရာဒေါင်းဆွေမျိုးစုသည် ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၏ ဆွေမျိုးစု တစ်ခုဖြစ်ပြီး သိကျိတ်ကျေးရွာ မြင်းမထိဒေသတွင် ပရာဒေါင်းဆွေမျိုးစုများနေ ထိုင်သည်။
မြင်းမထိတောင်၌ အကြီးစားသတ္တုတူးဖော်မှုကြောင့် နေအိမ် ၃၀ ကျော်ရှိသည့် စခန်းကြီးရွာဟောင်း ဒေသခံများ ရွာလုံးကျွတ် ရွှေ့ပြောင်းခြင်း၊အိမ်ခြေ ၆၀ ကျော်ရှိသည့် စခန်းကြီးရွာသစ်၊ အိမ်ခြေ ၃၀ ခန့်ရှိသည့် ကုန်းဆုံကျေးရွာ နှင့် အိမ်ခြေ ၄၀၀ ခန့်ရှိသော သိကျိတ်ကျေးရွာတို့ကိုလည်း ဘေးဥပါဒ် ဖြစ်စေနိုင်ကြောင်း ပရာဒေါင်းဆွေမျိုးစုက အသိပေးသည်။
ထို့အပြင် ကယန်းဒေသ၏ အစိတ်အပိုင်းနှင့်တစ်ခုလုံးကို မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှုများကို ထိရောက်စွာဟန့်တားမည်ဟု ကယန်းပြည်သစ်ပါတီ KNLPက မေလ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်၊ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC) ကို ဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA)၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ် မြားနို ဖြစ်သည်။
ယခုနှစ် မတ်လ ၃ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန် ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွားက လာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက် အသတ်ခံရမှုဖြစ်ခဲ့သည်။
ဖြစ်စဉ်အတွက် ပြစ်မှုကျူးလွန်သူများအား တရားမျှတစွာထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ရေးနှင့် အရေးယူမှုပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကနဦးထုတ်ပြန်ချက်သာတွေ့ရှိပြီး နောက်ဆက်တွဲကို နှစ်ဖက်အဖွဲ့အစည်းများထံစုံစမ်းမရသေးပေ။
