Connect with us

Hi, what are you looking for?

သတင်း

မြေလတ်အသံသတင်း​​​ထောက်ကိုသန်းထိုက်မြင့် ​​ထောင် ၅နှစ်ချခံရ

စစ်​ကောင်စီက သတင်း​ထောက်ကို အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲဆို​ထောင်ချခြင်းအ​ပေါ်သတင်း မီဒီယာများကန့်ကွက်

ဧပြီ ၂၉၊ ၂၀၂၅။ အီယိုရီ/People’s Spring

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် စစ်ကောင်စီတရားရုံးက မြေလတ်အသံသတင်းဌာနမှ သတင်းထောက်ကိုသန်းထိုက်မြင့်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၅နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် သတင်းထောက်ကိုသန်းထိုက်မြင့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းတွင် မြန်အောင်မြို့နယ် အင်ပင်မြို့ နေအိမ်၌ ဖမ်းဆီးခဲ့ကာ နှစ်လခန့်အကြာ ဧပြီ ပထမပတ်တွင် ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မြေလတ်အသံသတင်းဌာနမှ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကိုသန်းထိုက်မြင့်က သူ့ဖုန်းထဲမှာ အကုန်ဖျက်ထားတယ် ပြောတယ်။ ဒါပေမဲ့ ရဲစခန်းမှာ ဖုန်းကို ပြန် recovery ပြန်လုပ်တော့ ရေးထားတဲ့သတင်းတွေရော၊ ဓာတ်ပုံတွေရော တွေ့ပြီး အကြမ်းဖက်ပုဒ်မ တပ်တာလို့ သိရတယ်” ဟု ကိုသန်းထိုက်မြင့်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကိုသန်းထိုက်မြင့်သည် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း DVB သတင်းဌာနတွင် CJ လုပ်ကိုင်နေစဥ် ပထမတကြိမ် ဖမ်းဆီးခံခဲ့ရသည်။ ထိုစဥ်က ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းသက်သာခွင့်များဖြင့် နှစ်လျော့ကာ ၂၀၂၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၂၀၂၄ နှစ်လယ်ပိုင်းတွင် မြေလတ်အသံသတင်းဌာန၌ သတင်းထောက်အဖြစ် စတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“သတင်းသမားက သတင်းအလုပ်လုပ်တာဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့မြင်တယ်။ တဖြည်းဖြည်းနဲ့ သတင်းသမားတွေလည်း ပြည်တွင်းမှာလည်း မနေနိုင်တော့ဘူးပေါ့လေ။ လက်ရှိအခြေအနေအရ RSF တို့၊ CPJ တို့ရဲ့ စစ်တမ်းတွေအရလည်း မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်က ဟိုးအောက်ဆုံးမှာ ရောက်နေပြီပေါ့နော်။ အခု အကျဥ်းထောင်တွေထဲ သေသွားတဲ့ သတင်းသမားတွေ၊ အသတ်ခံရတဲ့ သတင်းသမားတွေလည်း ပိုပြီးတိုးလာတယ်။ စစ်ကောင်စီအနေနဲ့ကတော့ သတင်းလွတ်လပ်ခွင့်ကို ဂျောက်ထဲ ကျသည်ထက် ကျအောင် လုပ်နေတယ်လို့ပဲ ပြောချင်ပါတယ်” ဟု မြေလတ်အသံ အယ်ဒီတာအဖွဲ့ဝင်တစ်ဦးက မှတ်ချက်ပြုသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူးဦးတိုးဇော်လတ်ကလည်း မည်သည့်အခြေအနေတွင်မှ သတင်းသမားများ သတင်းအလုပ်လုပ်၍ ဖမ်းဆီးထောင်ချခြင်းမျိုး မရှိသင့်ကြောင်းနှင့် စစ်ကောင်စီ၏ ယခုလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ပြောသည်။

“ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးတဲ့ သတင်းသမားတွေက ဘယ်လိုအကြောင်းနဲ့မှ ဖမ်းဆီးမခံရသင့်ပါဘူး။​ ဖမ်းဆီးတာကို ကန့်ကွက်ပါတယ်။ လက်လည်းမခံနိုင်ပါဘူး။​ အဲဒါထက် ပိုဆိုးတာက သတင်းသမားတွေကို သတင်းသမားနဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့မလုပ်ဘဲနဲ့ သတင်းနဲ့ မဆိုင်တဲ့ အကြမ်းဖက်တို့၊ မတရားအသင်းဆက်သွယ်မှုတို့ အဲဒါတွေနဲ့ ချိတ်ဆက်ဖမ်းဆီးတာကို ပိုပြီးတော့ ကန့်ကွက်ပါသေးတယ်။ ဒါတွေဟာ တချိန်ကျရင် ရှင်းရမယ့် ကိစ္စတွေပါ။ ဒီအတိုင်းပြီးသွားမှာမဟုတ်ပါဘူး” ဟု ဦးတိုးဇော်လတ်က ဆိုသည်။

မြန်မာ​နောင်းသတင်းဌာနမှ ​ဓါတ်ပုံသတင်း​ထောက်ကိုစိုင်း​ဇော်သိုက်ကိုလည်း စစ်​ကောင်စီက၂၀၂၃ ​မေလတွင် အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးတရားစွဲ​ဆိုပြီး နှစ် ၂၀ ထောင်ချခဲ့သည်။

စစ်​ကောင်စီက ထိုသို့သတင်း​ထောက်များကို ဖမ်းဆီး​ထောင်ချခြင်း ၊အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲဆို​ထောင်ချ​နေခြင်းအ​ပေါ် သတင်း​ထောက်များ၊သတင်းမီဒီယာအဖွဲ့အစည်းများက ကန့်ကွက်​သော်လည်း စစ်​ကောင်စီကဆက်လက်ကျူးလွန်​နေခြင်းဖြစ်သည်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏မှတ်တမ်းအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်အထိ သတင်းသမား ၅၈ဦးနှင့် မီဒီယာလုပ်သား ၃ ဦး စုစုပေါင်း ၆၁ ဦး မတရားဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။ RSF ၏ ညွှန်ကိန်းအရ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လွပ်ခွင့်မှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၁ ၌ ရပ်တည်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်မှ စစ်ဘေးရှောင်များခ်ိုလှုံနေသည့်တောင်လေးလုံဘုန်းကြီးကျောင်းကို စစ်ကောင်စီကပြီးခဲ့သည့် မေလ ၈ရက်တွင်ဗုံးဖြင့်ကြဲချခဲ့သည့်ရုပ်သံမှတ်တမ်းယနေ့ထွက်ပေါ်လာသည်။

ဘာသာပြန်ဆောင်းပါး

အာဏာသိမ်း စစ်ကောင်စီကြောင့် နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယိမ်းယိုင် ပြိုကျနေခဲ့ရခြင်းက ငလျင်ဘေးသင့်ချိန်မှာ မြန်မာနိုင်ငံအတွက် သေကြေပျက်စီးမှုတွေကို ပိုမို ဆိုးရွားသွားစေခဲ့ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ ကျန်းမာရေး ပညာရှင်တွေနဲ့ နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

Facebook