မေ – ၁ ၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း မြင်းခြံခရိုင်က မြင်းခြံ-တောင်သာလမ်းပိုင်းကို ပြည်သူတွေအနေနဲ့ လတ်တလောအသုံးမပြုကြဖို့ မြင်းခြံခရိုင် PDF အမှတ် (၇) တပ်ရင်းက မေတ္တာရပ်ခံထားတယ်လို့သိရပါတယ်။
မြင်းခြံ – တောင်သာလမ်းပိုင်းကို နယ်မြေအခြေအနေအရ အသုံးမပြုကြဖို့ ဧပြီလ ၂၇ ရက်က ထုတ်ပြန်ထားတာပါ။
တောင်သာမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက မြင်းခြံ – တောင်သာလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်တာတွေရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement
” အဲလမ်းပိုင်းတိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်၊စစ်ကြောင်းတိုးလာပြီး ထိတွေ့တိုက်ပွဲဖြစ်တာ”လို့ အဲဒီ တော်လှန်ရေးတပ်ဖွဲဝင်တစ်ဦးကပြောပါတယ်။
မြင်းခြံ – တောင်သာလမ်းပိုင်းရှိ နန်းမြင့်တောင် အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားတာက မနေ့ ဧပြီ ၃၀ ရက်အထိဆိုရင် ၃ ရက်ကြာပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် ဧပြီလ ၂၆ ရက်ကစတင်ပြီး စစ်ကောင်စီတပ်ဟာ တောင်သာမြို့နယ် အနောက်ခြမ်း ကို လည်း စစ်ကြောင်းထိုးရာမှာ တော်လှန် ရေး တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားကြပါတယ်။
ဒါအပြင် မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး မြို့နယ် တကြောကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
