မေ -၅ ၊ ၂၀၂၅ ၊ဇေအောင်၊ဆိုင်းမင်း/People’s Spring
စစ်ကိုင်းတိုင်း ၊ ကသာအကျဉ်းထောင်မှာ လုံလောက်တဲ့ ဆေးဝါး ကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသား ကိုဟိဏ်းမင်းသူ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က ဆုံးပါးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM ) က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၃၃ နှစ်အရွယ် CDM ကျောင်းဆရာ ကိုဟိဏ်းမင်းသူ ဟာ အတက်ရောဂါဝေဒနာ ခံစားရပြီးနောက် ဆုံးပါးခဲ့ရတာလို့ PPNM ကဆိုပါတယ်။
ထောင်တွင်းမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရခဲ့ဘဲ သေဆုံးခါနီးချိန်မှသာ ပြင်ပဆေးရုံကိုရောက်ရှိခဲ့တာလို့ သိရပါတယ်။

Public Service Announcement
” ထောင်ငယ်လေးတွေမှာ ဆရာဝန်တွေမရှိနေတာကတကြောင်း၊အရေးပေါ်ဖြစ်နေတဲ့အချိန်မှာ ပြင်ပဆေးရုံကိုထွက်ခွင့်မရတာကြောင့် နိုင်ငံရေးအကျဥ်းသားတွေက နှစ်စဥ်အသက်ပေးနေရတာပါ”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။
ကိုဟိဏ်းမင်းသူက CDM ကျောင်းဆရာတစ်ဦးဖြစ်သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးတွေမှာ ပါဝင်ခဲ့သူပါ။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ရက်မှာ ဖမ်းဆီးခံရပြီး ၁၀ လအကြာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်မှာ အကြမ်းဖက်ပုဒ်မ ပုဒ်မ ၅၀(ည) ၊၅၂(က) ၊၅၂(ခ) ပုဒ်မသုံးခုနဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။
နိုင်ငံတဝှမ်းက စစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတဲ့အတွက် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား ၂၃ ဦးထိ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့စာရင်းအရသိရပါတယ်။
အဲဒီစာရင်းဟာ ဒီဇင်ဘာလ ၂၇ ရက်အထိ ဖြစ်ပြီး အသက်ဆုံးရှုံးသူ နိုင်ကျဉ်း ၂၃ ဦးမှာ အမျိုးသမီး ၃ ဦး ပါဝင်ပါတယ်။
