မေ ၁၉၊၂၀၂၅။ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်၍ စစ်ရှောင်လူငယ်တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
နောင်ချိုမြို့နယ်ကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာမကြာ ပြုလုပ်လျက်ရှိရာ ယမန်နေ့တွင် တောင်ကျကျေးရွာကို ဒရုန်းဖြင့် ဗုံး ၅လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA က ယနေ့ (မေလ ၁၉ရက်) နံနက်တွင် ထုတ်ပြန်သည်။
ထို့အပြင် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် အရပ်သား တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ရသည်ဟု TNLAက ထုတ်ပြန်သည်။

Public Service Announcement
မေလ ၁၈ ရက် နံနက်တွင် အုမ္မသီးကျေးရွာရှိ စစ်ရှောင်စခန်းတွင် နေထိုင်သည့် အသက်(၂၇)နှစ်အရွယ်အိုက်လှိုင်ဆိုသူ သေဆုံးခဲ့ခြင်း ဖြစ်သည်။
မေလ ၁၆ရက်ကလည်း စစ်ကောင်စီသည် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာကို အသေခံ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။ ထိုစဉ်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီသည် TNLA ထိန်းချုပ်နယ်မြေများသို့ ယခု မေလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၅ကြိမ်ထက်မနည်းပြုလုပ်ထားပြီး ပြည်သူများ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။
မေလကုန်အထိ အပစ်ရပ်စဲရေး သက်တမ်းတိုးကြောင်း စစ်ကောင်စီက ကြေညာခဲ့သော်လည်း တအာင်းဒေသကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်း တိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေသည်ဟု TNLA က ထုတ်ပြန်သည်။
ထိုသို့ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိနေ၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရေး စစ်ရေးသတိအမြဲရှိရန် နှိုးဆော်ထားသည်။
စစ်ကောင်စီတပ်နှင့် TNLAတို့သည် တရုတ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ဧပြီလကုန်ပိုင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် အပစ်ရပ်စဲရေးဆွေးနွေးခဲ့သော်လည်း ပြေလည်မှုမရဘဲ စစ်ကောင်စီက ဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ဆွေးနွေးပွဲကို လာမည့်ဩဂုတ်တွင် ပြန်လည်ပြုလုပ်ရန် စီစဉ်ထားသော်လည်း စစ်ကောင်စီတောင်းဆိုထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်များအားလုံး ဆုတ်ခွာရေးကို လက်ခံမည်မဟုတ်ဟု TNLA တာဝန်ရှိသူတို့က မေလပထမပတ် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောထားသည်။


















































