မေ ၂၅၊၂၀၂၅။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံဦးမျိုးအောင်ကိုနှင့် ညီမဝမ်းကွဲအမျိုးသမီးသည် ရွာတော်ကုန်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင် သတ်ဖြတ်ခံရပြီး အဆိုပါအမှုကို ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဦးဆောင်စစ်ဆေးနေသည်။
ဦးမျိုးအောင်ကိုနှင့် ညီမဝမ်းကွဲအမျိုးသမီးသည် မေလ ၂၃ရက်ညက သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
” ရွာတော်ကုန်းမှာ စစ်ကောင်စီစစ်ကြောင်းလှုပ်တယ်ကြားပြီး အသတ်ခံရတာ။ ခွေးကြောင်းကပဲ သတ်သွားတာလား။ ဘာဖြစ်တာလဲဆိုတာ ပလဖက စစ်ဆေးနေတယ်။ ဒါကို သေချာစစ်ဆေးပြီး တွေ့ရှိချက်ကို ထုတ်ပြန်ပေးဖို့လိုတယ်ဗျ”ဟု ဝက်လက်မြို့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
ဦးမျိုးအောင်ကိုသည် စစ်ကောင်စီကို အာဏာဖီဆန်ခဲ့သည့် တရားလွှတ်တော်ရှေ့နေဖြစ်ပြီး ဝက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံတာဝန်ယူထားသူဟု သိရသည်။
သေဆုံးသူနှစ်ဦးစလုံးတွင် သေနတ်ဒဏ်ရာအများအပြားတွေ့ရသည်ဟု ဝက်လက်မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “စစ်ကြောင်းဝင်တယ်ကြားပေမယ့် ဘာကြောင့်အသတ်ခံရတယ်ဆိုတာ မသိရဘူးဖြစ်နေတယ်”ဟု ပြောသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဝက်လက်မြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က သတင်းမထုတ်ပြန်သေးပေ။
ရွာတော်ကုန်းကျေးရွာသည် မေလ ၁၀ရက် ညနေက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ဦး သေဆုံးခဲ့သည့်ဝက်လက် မြို့နယ်အနောက်ခြမ်းမှ ကျေးရွာဖြစ်သည်။


















































