မေ-၂၆၊၂၀၂၅။ရဲခေါင်/People’s Spring
တိုးချဲ့ဆောက်လုပ်လာသည့်ကယန်းပြည်သစ်ပါတီလက်နက်ကိုင်အဖွဲ့၏ တပ်စခန်းဖျက်သိမ်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ (၂ )အထူးတပ်ရင်း၊သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့ NTDF က မေလ ၂၆ ရက်တွင် သတိပေးချက်ထုတ် ပြန်သည်။
သံတောင်မြောက်ပိုင်း(အထူးဒေသ)ဦးကိုကြီးတာဝန်ယူထားသော နယ်မြေဧရိယာအတွင်းအထူးဒေသ နှင့် ဆက်စပ်လျှက်ရှိသည့် တော်လှန်ရေးတပ်ဖွဲ့ခံယူထားသောလက်နက်ကိုင်တပ်ဖွဲ့များသိရှိစေရန် အသိပေးစာအရ ငွေတောင်ရွာတွင် ကယန်းပြည်သစ်အဖွဲ့မှ လာရောက်တိုးချဲ့ထားသော ကယန်းပြည်သစ်စခန်းအားရုတ်သိမ်းနောက်ဆုတ်ဖျက်သိမ်းရန်(တစ်ပတ်အတွင်း)ဟုဖော်ပြသည်။
တော်လှန်ရေးအရှိန်မြှင့်တင်ရန်KNU ဗဟိုမှ တရားဝင်ထုတ်ပြန်ပြီးဖြစ်သလိုသံတောင်မြောက်ပိုင်းအထူးဒေသ NTDF တပ်ဖွဲ့၏စစ်ရေးလှုပ်ရှားမှုများကို တိုက်ရိုက်နှောက်ယှက်မှုများရှိလာခြင်း၊ကယန်းပြည်သစ်တပ်ဖွဲ့မှ အထူးဒေသနယ်မြေအတွင်း နယ်မြေချဲ့စခန်း၊ဂိတ်တိုးချဲ့ဆောက်လုပ်မှုများရှိလာ၍ သက် ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတပ်ဖွဲ့ကိုအချိန်မီထိန်းသိမ်းပြုပြင်ရန်လည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement
ထုတ်ပြန်ချက်အားလိုက်နာမှုမရှိဘဲစစ်ရေးလမ်း ကြောင်း၌ဆက်လက်နှောက်ယှက်မည်ဆိုပါက မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆိုရှင်းလင်းသွားမည်ဟုလည်း NTDF က အသိပေးသည်။
“စခန်းတိုးလာတာကငွေတောင်အောက်ဘက်ရွာခြမ်းမှာလို့သိရတယ်။သူကအထက်နဲ့အောက်နှစ်ရွာရှိတယ်ဗျ”ဟု သံတောင်ကြီး မြို့နယ်မှစစ်ဘက်သတင်းရင်းမြစ်ကကယန်းပြည်သစ်ပါတီ၏ စခန်းတိုးချဲ့မှုကို လူထုနွေဦးသို့ ရှင်းပြသည်။
ထိုဖြစ်စဥ်အတွက် ကယန်းပြည်သစ်ဗဟိုကော်မတီ၏ ဖုန်း ကို လူထုနွေဦးက ဆက်သွယ်ဖို့ကြိုးစားသော်လည်းဆက်သွယ်မရသေးပေ။
လက်ရှိကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ ဦးသန်းစိုးနိုင်၊ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC) ကိုဗိုလ်မှူးချုပ် အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ်တပ်မတော် (KNLA) ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်သည်။
ကယန်းပြည်သစ်ပါတီသည် ဆီဘူးတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များကခန့်မှန်းထားသည်။လက်ရှိအချိန်ထိ တော်လှန်ရေး အင်အားစုများနှင့် အတိအလင်း ပူး ပေါင်းခြင်းမရှိသကဲ့သို့ အာဏာသိမ်း စစ်ကောင်စီနှင့်လည်းအပစ်ခတ်ရပ်ထားသည်။
သို့သော်၂၀၂၅မတ်လ ၃ ရက်ကပြည်သူ့ကာကွယ်ရေးတပ်မတော်ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကိုကယန်းပြည်သစ် တပ်မတော် ဒုတပ်မဟာမှူးဖိုးခွားမှလာရောက်ခေါ်ဆောင်သွားခဲ့ပြီးနောက်ရက်စက်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။
ထို့အပြင်ကယန်းပြည်သစ်ထိန်းချုပ်ရာဒေသတွင် ပါတီဥက္ကဌ၏ကုမ္ပဏီကအကြီးစားသတ္တုတူးဖော်မှုကြောင့် ဒေသခံလူထု၏ ဆန္ဒပြကန့်ကွက်မှုကြုံနေသည်။ထိုနောက် လူထုဆန္ဒပြပွဲများတွင် ဦးဆောင်သောခေါင်းဆောင်အချို့ကို ဖမ်းဆီးသွား၍ ဒေသခံပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကတောင်းဆိုပြီးနောက်ပြန်လွှတ်ခဲ့သည်။
ယခုနှစ် မေလ ၁၇ ရက်နေ့နှင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်တို့တွင် ကယန်းပြည်သစ်ပါတီ / ကယန်းပြည်သစ်တပ်မတော် (KNLP/KNLA)၏ ညောင်ရွှေ နှင့် မိုးဗြဲ မြို့တို့ရှိ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက လေ ယာဥ်နှင့် ဒရုန်းတို့ဖြင့် ဗုံးကြဲခဲ့သည်။မြေပြင်သတင်းအရ KNLA ရဲဘော်များထိခိုက်မှုများရှိသည်ဟု သိရသော်လည်း တိုက်ခိုက်ခံရသည့် ဖြစ်စဥ်များအတွက် KNLP ၏ ထုတ်ပြန်ခြင်းမရှိပေ။


















































