မေ-၃၀၊ ၂၀၂၅။ ရဲခေါင်/People’s Spring
မုတ္တမကမ်းလွန်လုပ်ကွက် သဘာဝဓာတ်ငွေ့စီမံကိန်းအသစ်ကို ထိုင်းနိုင်ငံသားပိုင်ကုမ္ပဏီ Gulf Petroleum Myanmar အား စစ်ကောင်စီက လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။
Gulf Petroleum Myanmar သည် ထိုင်းနိုင်ငံအခြေစိုက် Northern Gulf Petroleum ကုမ္ပဏီအုပ်စု၏ အစိတ်အပိုင်းတစ်ခုဖြစ်ကာ ၂၀၂၀ ခုနှစ် လဆန်းပိုင်းတွင် ကုမ္ပဏီ မှတ်ပုံတင်ထားခဲ့သည်။
အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmar(JFM)၏ အဆိုအရ Northern Gulf Petroleum ကုမ္ပဏီတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာသည် အုပ်ချုပ်မှုဒါရိုက်တာတစ်ဦးဖြစ်ခဲ့ပြီး ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းကကျောထောက်နောက်ခံ ပေးထားသော ပုဂ္ဂလိက ရေနံနှင့် ဓါတ်ငွေ့ကုမ္ပဏီတစ်ခု ဖြစ်သည်။

Public Service Announcement
ယမန်နေ့(မေလ ၂၉ ရက်)က စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့် Gulf Petroleum Myanmar Co., Ltd. တို့အကြား ကမ်းလွန်လုပ်ကွက် M-10 ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ သုံးစွဲနိုင်ရေးအတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (PSC) လက် မှတ်ရေးထိုးခဲ့သည်။
ထိုကမ်းလွန်လုပ်ကွက်ကို ကမ်းလွန်လုပ်ကွက် M-10(မင်းရဲသူစီမံကိန်း)အဖြစ် စစ်ကောင်စီက အမည်ပေးထားပြီး ၂၀၂၈ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။
“ရှာဖွေနေဆဲ ကာလဆိုရင် စာချုပ်ထားတဲ့ ကုမ္ပဏီက အလုံးစုံရင်းနှီးမြှုပ်နှံမှုလုပ်ရတယ်။ ဓာတ်ငွေ့ ထုတ်ယူနိုင်ပြီဆိုတဲ့အဆင့်သတ်မှတ်ချက်ရောက်ပြီဆိုရင် လက်ခံနိုင်ငံကနေ အကျိုးအမြတ်အရ ကုမ္ပဏီ ၆၀၊ နိုင်ငံ ၄၀ ယူမှာလား။ ဒါမှမဟုတ် ၈၀ နဲ့ ၂၀ လား စသဖြင့် ခွဲဝေမှုတွေတော့ရှိတယ်။ ဒါပေမယ့် စာချုပ်ပါ အချက်အလက်ကိုမသိရသေးဘူး။ စကစ နဲ့ ထိုင်းကုမ္ပဏီရဲ့ အကျိုးအမြတ်ခွဲဝေမှုကိုတော့ ဆက်စောင့်ကြည့်ရမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို တာဝန်ယူ ကြီးကြပ်လုပ်ကိုင်သည့် ကုမ္ပဏီအဖြစ် Gulf Petroleum Myanmar(GPM)ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်တွင် ပေးခဲ့ဖူးသည်။
GPM ဥက္ကဌ သည် SMART Group of Companies ဒါရိုက်တာနှင့် ဥက္ကဌဖြစ်သည့် ကျော်ကျော်လှိုင် ဖြစ်ကာ ထိုကုမ္ပဏီကို ၁၉၉၄ ခုနှစ်က မြန်မာနိုင်ငံ၏ အာဏာရှင်လက်ထက် စစ်တပ်ထိန်းချုပ်ထားသည့် ရေနံလုပ်ငန်းကို ဝန်ဆောင်မှုပေးရန်အတွက် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး GPM ၏ ဒုတိယ ဒါရိုက်တာသည် SMART Group of Companies ၏ ဒါရိုက်တာတစ်ဦးဖြစ်သော ဇာနည်ဆွေ ဟု Justice For Myanmar(JFM)က အသိပေးထားသည်။
ထို့အပြင် GPM ဒါရိုက်တာ တစ်ဦးဖြစ်သည့် နီလွင်စိုးသည်လည်း Thaisat Global’s Myanmar Unit၊ Northern Gulf Petroleum Myanmar Limitedနှင့် Myanmar Gulf LNG Company Limited တို့အပါအဝင် ယမ်ဘွန်ရွန်း၏ ကုမ္ပဏီအမြောက်အမြား၌ ဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ယူထားကြောင်း ဖော်ပြသည်။


















































